ရေး၊ မတ် ၇

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဂိတ်မှာ မတ် ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ဒေသခံအမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် ၅ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အစင်ကျေးရွာနေ ဦးမောင်မိုးအပါအဝင် ဒေသခံအမျိုးသား ၆ ဦးဟာ အဘော်ကျားတန်းဘက်အသွား အစင်ကျေးရွာစာသင်ကျောင်းအနီးရှိ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဂိတ်အရောက်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ဦးမောင်မိုးဟာ လည်ပင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ရေးမြို့ဆေးရုံကတဆင့် မော်လမြိုင်ဆေးရုံထံ ပြောင်းရွှေ့ကုသနေရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဦးမောင်မိုးအပါအဝင် ဒေသခံ ၆ ဦးဟာ ဖြတ်သန်းသွားလာခွင့်မရတာကြောင့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဂိတ်မှာ အချေအတင်စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးမောင်မိုးကို သေနတ်နဲ့ပစ်ခတ်ပြီးနောက် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ သူနဲ့အတူပါလာတဲ့ ဒေသခံ ၅ ဦးကို ဖမ်းဆီးပြီး ရဲတပ်ဖွဲထံ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံ ၅ ဦးကို ရေးမြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး ဆိုင်ကယ်တွေကိုလည်း ရဲတပ်ဖွဲ့ဘက်က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ပြီး ၂၀၁၀ ခုနှစ် အောက်တို ဘာ ၁၀ ရက်နေ့မှာ တပ်အင်အား ၂၆၈ ဦး၊ လက်နက်ကြီး လက်နက်ငယ် ၇၂ လက်နဲ့အတူ အရှေ့ တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်ချ အလင်းဝင်ခဲ့တာပါ။

လက်နက်ချအလင်းဝင်ပြီး ၁၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းကြောင်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တရားဝင်ကြေညာထားပါတယ်။

စစ်ကောင်စီ ပြည်သူ့စစ်အဖြစ် ပြောင်းလဲထားတဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ရေးမြို့နယ် စုံနံ့သာကျေးရွာ ဘောလုံးကွင်းအနီးမှာ ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းထားပါတယ်။

မွန်ငြိမ်းချမ်ကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ရပ်ကွက်ကျေးရွာအတွင်း လုံခြုံရေးယူတာ၊ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေတယ်လို့ ဒေ သခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.