ပရပ်ဂ် ၊ မတ် ၇

ရုရှားကျူးကျော် တိုက်ခိုက်မှုအား တိုက်ထုတ်ရေး ယူကရိန်းကို ကူညီရာမှာ သူရဲဘော ကြောင်သူတွေ မဖြစ်ကြဖို့ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ကရွန်က မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

အနောက်တိုင်းတပ်ဖွဲ့တွေ ယူကရိန်ကို စေလွှတ်ရေးပယ်ချမထားဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်က အငြင်းပွားဖွယ်ရာ ပြောဆိုမှုနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အခိုင်အမာ ရပ်တည်တယ်လို့လည်း မက်ကရွန်က ဆိုခဲ့တာပါ။

ယူကရိန်းအတွက် ဥရောပပြင်ပက လက်နက်တွေ ဝယ်ယူရေး တွန်းအားပေးနေတဲ့ ချက်ပြည်သူ့သမ္မတ နိုင်ငံကို သွားရောက်ချိန်မှာ မက်ကရွန်က အခုလိုပြောခဲ့တာပါ။

ချက်သမ္မတ ပီတာပါဗဲလ်နဲ့ တွေ့ဆုံပြီးနောက် မက်ကရွန်က ယူကရိန်းစစ်ပွဲဟာ ကျွန်တော်တို့ရဲ့ စစ်ပွဲ ဟုတ်မဟုတ် မေးမြန်းလိုတယ်လို့လည်း ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ယူကရိန်းကို အနောက်တိုင်းတပ်ဖွဲ့တွေ စေလွှတ်သွားဖို့ ရှိနေတယ်လို့ ပြောဆိုခဲ့ပြီးနောက် မက်ကရွန်ရဲ့ ဥရောပမဟာမိတ်အများစုက သူတို့အနေနဲ့ ယူကရိန်းကို တပ်ဖွဲ့တွေ စေလွှတ်မှာမဟုတ်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ အနောက်တိုင်းတပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ တစ်ခါမှ မတောင်းဆိုဖူးဘူးလို့လည်း အိမ်ဖြူတော်က မတ် ၅ ရက်နေ့မှာ ပြောကြားထားပါတယ်။

သမ္မတ ဇီလန်စကီး အနေနဲ့ အဒီလို တောင်းဆိုထားတာမရှိဘဲ လက်နက်တွေပဲ တောင်းဆိုထား တာ ဖြစ်တယ်လို့ အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ ဂျွန်ကာဘီက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ပြင်သစ်အရာရှိတွေကတော့ ရုရှားတပ်တွေကို တိုက်ခိုက်ဖို့မဟုတ်ဘဲ မိုင်းရှင်းလင်းရေးတပ်ဖွဲ့ တွေလို အနောက်တိုင်းတပ်တွေကို ယူကရိန်းသို့ စေလွှတ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း ယူကရိန်းမှာ စစ်သားတွေကိုလေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်နိုင်တယ်လို့ မက်ကရွန်က အသိပေးထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.