ဘီးလင်း၊ မတ် ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပျဉ်သာကျေးရွာ ဘီးလင်း-ဖာပွန်ကားလမ်းပေါ်ရှိ ပျဉ်သာတံတား ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပျဉ်သာတံတားဟာ ဒီနေ့ မနက် မတ် ၆ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖောက်ခွဲခံရတာကြောင့် တံတားအရှည် ပေ ၁၂၀ ၊ တံတားအကျယ် ၂၄ ပေရှိတဲ့ သံကူကွန်ကူကရစ်တံတားအမျိုးအစားဖြစ်တဲ့ ပျဉ်သာတံတားဟာ အလယ်မှ ထပ်ပိုင်းကျိုးကျပြီး ပျက်စီးသွားတာပါ။

“မနက်က အဲဘက်ခြမ်းကနေ ခြံသွားမယ့်တဲ့သူတွေက တံတားပြိုကျနေတယ်ပြောမှ မိုင်းခွဲခံရတာသိရတယ်။ ရွာနဲ့လည်း နည်းနည်းလှမ်းတယ်၊လောလောဆယ်တော့ စက်ဘီးတောင်သွားလို့မရတော့ဘူး”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပျဉ်သာတံတားဟာ ဘီးလင်းနဲ့ဖာပွန်မြို့နယ်ကို ဆက်သွယ်ထားတဲ့ ခရိုင်ချင်းဆက်လမ်းပေါ်မှာ တည်ရှိနေပြီး ဒေသခံတွေက ရော်ဘာခြံသွားတာ၊ ဒေသထွက် ထင်း၊မီးသွေးတွေ သယ်ဆောင်ရာလမ်းအဖြစ် အသုံးများကြတယ်လို့ သိရပါတယ်။

ပျဉ်သာတံတား ဖောက်ခွဲခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကလည်း သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.