ရေး ၊ မတ် ၆

စစ်ကောင်စီကနေ ရုတ်ချည်းအသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေထံ ဆက်သွယ်လာသူ ထောင်နဲ့ချီရှိနေတယ်လို့ သက်ဆိုင်ရာအဖွဲ့တွေရဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာ ရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၁၄ နှစ်အကြာမှာ စတင်အသက်သွင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း တော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ မွန်လူမျိုးစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လူငယ်လူရွယ်တွေ သူတို့ဆီလာရောက်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ အတူ တကွ တိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ကြပါတယ်။

မွန်ပြည်အခြေပြု မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက သူတို့ဆီကို လူ ၅၀၀ လောက် ဆက်သွယ်လာတာရှိပြီး အခြေအနေအမျိုးမျိုးကြောင့် ရာခိုင်နှုန်းအနည်းငယ်ကိုသာ လက် ခံထားနိုင်ခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းမှာရှိတဲ့ မွန်ပြည်နယ်မှာသာမက တခြားသော ဒေသမှာရှိတဲ့ လူငယ်လူရွယ်တွေအများကြီးပဲ ကျွန်တော်တို့ MSRF ထဲကို ဝင်ဖို့ကမ်းလှမ်းတာတွေ၊ ဆက်သွယ်တာတွေ အများကြီးရှိပါတယ်ခင်ဗျ။ စစချင်း ပထမအပတ်မှာပဲ ပြောလို့ရသလောက်ဆို လူ ၅၀၀ လောက်တော့ ရှိမယ်လို့ ကျွန်တော်ထင်တယ်။ မနည်းအလှမ်းမီအောင် ကျွန်တော်တို့ ပြန်လည်ဖြေကြားတာလည်း ရှိတယ်။ တချို့ဆို ပြန်မဖြေကြားပေးနိုင်တာလည်း ရှိတယ်။ ကျွန်တော်တို့ Admin အင်အားနည်းတာလည်း ပါမှာပေါ့။ အဲဒီတော့ ဆက်သွယ်လာတဲ့ အားလုံးစုစုပေါင်းအင် အားတွေရဲ့ ရာခိုင်နှုန်းအနည်းငယ်မျှသာ အခြေအနေအကြောင်းကြောင့် လက်ခံထားနိုင်ခဲ့တာ ရှိပါတယ်လို့ ကျွန်တော်ပြောလိုပါတယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ်ထံ လာရောက်ဆက်သွယ်ကြတဲ့ လူငယ်လူရွယ်တွေထဲမှာ မွန်နဲ့ရန်ကုန်က အများဆုံးဖြစ်ပြီး ဧရာဝတီနဲ့ ပဲခူးဒေသတို့လည်း ပါဝင်သလို ထိုင်းမှာအလုပ်လုပ်နေကြတဲ့ မွန်လူငယ်တွေလည်း ဆက်သွယ်တာရှိတယ်လို့ နိုင်နဂါးက ပြောပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ ပြည်နယ်တောင်ပိုင်းမှာရှိတဲ့ မဟာမိတ်တော်လှန်းရေးတပ် ဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေပြီးမွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုအောက်မှာ ရပ်တည်နေတာပါ။

စစ်ကောင်စီကနေ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်မှ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီဘက်က ရပ်ကွက်၊ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ အနည်းဆုံး ဒေသခံ တစ်ဦးကနေ နှစ်ဦးအထိ အပတ်စဉ်တစ်ခုမှာ လစဉ်ခေါ်ယူဖို့ ပြောဆိုထားတာကြောင့် မွန်မှာ ရပ်ကွက်၊ကျေးရွာအုပ် စုပေါင်း ၄၇၀ နီးပါး ရှိတဲ့အတွက် ဒေသခံ ၄၇၀ ဟာ လစဉ်စစ်မှုထမ်းရမယ့်ကိန်း ဆိုက်နေတာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီအောက် စစ်မှုမထမ်းလိုဘဲ တိမ်းရှောင်လာသူတွေကို နေထိုင်စားသောက်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီက လက်ခံသွားမှာဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေမှာ ဝင်ရောက်လိုသူတွေကိုလည်း ချိတ်ဆက်ပေးသွားမယ်လို့ သတင်းစကားပါးခဲ့ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ကလည်း စစ်မှုထမ်းဥပဒေကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ရေး သူတို့နဲ့အတူ တိုက်ပွဲဝင်ဖို့ သင်တန်းသားရဲဘော်တွေကို လက်ခံနေတယ်လို့ ကြေညာခဲ့ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF နိုင်ငံရေး၊စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ကိုသူက သူတို့ဆီဆက်သွယ်လာတဲ့ လူငယ်တွေကို စိစစ်လက်ခံနေပြီး အခြေခံစစ်သင်တန်းတတ်နိုင်အောင်လည်း စီစဉ်ပေးနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီကနေပြီးတော့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ကျွန်တော်တို့ဆီကို အဓိက ဆက်သွယ်တာက မွန်ပြည်နယ်က လူငယ်တွေ ဆက်သွယ်တာရှိတယ်။ ပြီးတော့ ရန်ကုန်ပိုင်းက လူငယ်တွေ ဆက်သွယ်တာ ရှိပါတယ်။ အဲဒီလို ဆက်သွယ်လာတဲ့ လူငယ်တွေကို ကျွန်တော်တို့ သေချာစိစစ်ပြီးတော့ လက်ခံပေးနေတယ်။ ပြီးတော့ အခြေခံစစ်သင်တန်း တက်နိုင်အောင်လည်း ကျွန်တော်တို့ စီစဉ်ပေးနေတယ်။ အဓိက မွန်ပြည်ကာ ကွယ်ရေးတပ်မှာလည်း စစ်မှုထမ်းနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း မွန်လက်နက်ကိုင်တော်လှန်‌ရေးအဖွဲ့တွေထဲမှာ မွန်ပြည်နယ်အခြေပြု တော် လှန်ရေးအဖွဲ့အစည်း MRSO ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပေါ်ပေါက်လာခဲ့ကြတာပါ။

အဲဒီထဲမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းတပ်မတော် TNLA မှာ စစ်သင်တန်းသင်ယူခဲ့ကြပြီးနောက် အမိမြေမွန်ပြည် အမှန်တကယ် လွတ် မြောက်ဖို့တိုက်ပွဲဝင်လိုသူ သင်တန်းသားသစ်တွေကို ခေါ်ယူနေတယ်လို့ အသိပေးခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ခိုက်သွားမယ်လို့ ကြေညာခဲ့တဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD ကလည်း လူမျိုးဘာသာမရွေး လူငယ်လူရွယ်တွေ သူတို့ဆီစစ်မှုထမ်းဖို့ ဖိတ်ခေါ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.