ကျွန်းစု၊ မတ် ၆

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းရေး စစ်ကြောင်း-၂ ထံက သိရပါတယ်။

ဂျိုးတောင်ကျေးရွာမှာ အင်အား ၅၀ ဝန်းကျင်နဲ့ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မနေ့ မတ် ၅ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိ တစ်ဦး အပါအဝင် တပ်သား ၇ ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း-၂ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီ တပ်စွဲထားတဲ့ အဲဒီစခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ဒရုန်းတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ထိခိုက်တာ မရှိဘူးလို့ ဆိုပါတယ်။

နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ ဂျိုးတောင်ကျေးရွာဟာ KNU ထိန်းချုပ်နယ်မြေထဲမှာရှိပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.