ကျိုက်ထို၊ မတ် ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်ကွင်းကျေးရွာဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ် ၄ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ် စစ် ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ စစ်ကွင်းကျေးရွာပတ်ဝန်းကျင်မှာ ကင်းပုန်းဝပ်ဖို့ လာရောက်တာဖြစ်နိုင်ပြီး လက်ရှိအချိန်အထိ စစ်ကြောင်းပြန်မဆုတ်သေးတဲ့အတွက် တိုက်ပွဲထပ်မံ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် စစ်ကွင်း၊ သုံးခွ၊ ခရွဲကျေးရွာတို့က ဒေသခံတွေဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားမှုမရှိတာ လနဲ့ချီကြာမြင့်နေပြီး အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.