မြိုင် ၊ မတ် ၄ 

မကွေးတိုင်း၊မြိုင်မြို့နယ်က စစ်ကောင်စီတပ်စွဲထားတဲ့ ဌာနဆိုင်ရာ ရုံးနှစ်ရုံးကို တော်လှန်ရေး တပ်တွေ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ABSDF Column 3 က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ မြိုင်မြို့နယ် စီမံကိန်းရုံးနဲ့ တရားရုံးတို့ကို တိုက်ခိုက်ခဲ့တာပါ။

တိုက်ပွဲအတွင်း မြိုင်ရဲစခန်းက စစ်ကူလာတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့တွေဘက်က ဖြတ် တောက်တိုက်ခိုက်ရေးအဖွဲ့တို့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများခဲ့ တယ်လို့ ABSDF  Column 3 သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုပြည့်ဖြိုးကျော်က ပြောပါ တယ်။ 

“အဓိကက မြိုင်စီမံကိန်းရုံး ကို ဝင်ရောက်စီးနင်းတာပါ ။ ဘန်ကာ တခုပဲကျန်တော့တဲ့အချိန်မှာ RPG နဲ့ပစ်တာ RPGမပေါက်လို့ အပြီးသတ်မသိမ်းနိုင်ခဲ့ဘူး”လို့သူက ပြောပါတယ်။

စီမံကိန်းရုံးကို တိုက်ခိုက်ရာမှာ မျက်နှာချင်းဆိုင်အဆောက်အဦးကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး မအောင်တာနဲ့ စစ်ကူတွေကြောင့်သာ အပြီးသတ်သိမ်းပိုက်ဖို့အခက်အခဲ ဖြစ်ခဲ့ရတာ လို့ သိရပါတယ်။

တိုက်ပွဲဟာ ၁ နာရီဝန်းကျင်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ဒုရဲအုပ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး ကာ ပျူစောထီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲကို ABSDF Column 3၊ မြိုင်ပကဖနဲ့မြိုင်နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း (၂ ၊ ၆ ၊ ၇ ၊ ၁၄၊ ၁၅ ၊ ၁၇) ၊ PSGFပခုက္ကူ မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ PDAတပ် ၊ PRF ၊Urban ရေစကြို တပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒုန်းတပ်ဖွဲ့ ၊ King Cobra (ပခုက္ကူ) တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.