နယူးဒေလီ ၊ မတ် ၅

အလုပ်ရမယ်ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနဲ့ ရုရှားစစ်တပ်ထဲအသွင်းခံရတဲ့ အိန္ဒိယနိုင်ငံသား ၂၀ ထက်မနည်းဟာ ယူကရိန်းစစ်ပွဲရှေ့တန်းနေရာတွေမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

သူတို့ကို ဒူဘိုင်းမှာ အလုပ်ကောင်းကောင်းရမယ်လို့ လိမ်လည်ပြီး ယူအေအီးကို လာရောက်ဖို့ ဆွဲဆောင်ပြီးနောက် ရုရှားကိုပို့ဆောင်ခံရတာဖြစ်တယ်လို့ ရုရှားအတွက်တိုက်ပွဲဝင်နေရသူတွေရဲ့ မိသားစုဝင်တွေက ဆိုပါတယ်။

ယူအေအီးမှာ အခြေချနေထိုင်နေတဲ့ အိန္ဒိယနိုင်ငံသားအေးဂျင့်ဖြစ်သူဟာ အဲဒီလိုအလုပ်ကောင်း ကောင်းရမယ်ဆိုတဲ့ ကြော်ငြာတွေကို Youtube ချန်နယ် Baba Vlogs မှာ ဖော်ပြနေတာပါ။

အရှေ့အလယ်ပိုင်းမှာ အလုပ်ရဖို့အတွက် အေးဂျင့်ခ ပေါင် ၃၀၀၀ လောက်ပေးခဲ့ရပြီး ရုရှားကို အပို့ခံထားရသူတွေဟာ မိသားစုနဲ့လည်း အဆက်အသွယ်မရဖြစ်နေသူတွေအများကြီးရှိနေတယ် လို့ သိရပါတယ်။

အဆက်အသွယ်ရသူတွေရဲ့ ပြောဆိုချက်တွေအရ ရုရှားစစ်တပ်ထဲရောက်နေတယ်လို့ သိရတဲ့အတွက် မိသားစုဝင်တွေ ထိတ်လန့်အံဩခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကျူးလွန်ပြီးနောက် အကျဉ်းကျခံနေရသူတွေကိုလည်း စစ်တပ်ထဲဝင်ရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး စစ်သားစုဆောင်းတာတွေလည်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မကြာသေးခင်ကလည်း နီပေါနိုင်ငံသားတွေကို ရုရှားစစ်တပ်က ကြေးစားစစ်သားအဖြစ် ခေါ်ယူတာတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်ထားပါသေးတယ်။

နီပေါအစိုးရကတော့ သူ့နိုင်ငံသားတွေကို ကြေးစားစစ်သားအဖြစ်ခေါ်ယူတာတွေမလုပ်ဖို့ ရုရှား ကိုသတိပေးထားပြီး သူတို့နိုင်ငံသားတွေကို အိန္ဒိယနဲ့ ဗြိတိန်တို့ကသာ တရားဝင်ကြေးစားအဖြစ် ခေါ်ယူဖို့ သဘောတူထားတာရှိတယ်လို့ တုံ့ပြန်ထားပါတယ်။

Ref:Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.