ထားဝယ်၊ မတ် ၄ 

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဆောင်တွေ ပျက်ဆီးခဲ့သလို အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီနေ့ မတ် ၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်မှာ ဇဟာကျေရွာရှိ စစ်ကောင်စီ အမှတ် ၃၀၄ အမြောက်တပ်ကနေ မောင်မယ်ရှောင်ကျေးရွာဘက်ကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး ၅ လုံးမနည်း ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီလို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် မောင်မယ်ရှောင်ကျေးရွာရှိ ရှင်ဓာတ်ဝဲ ဘုန်းကြီးကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ သာသနိက အဆောက်အအုံတွေ ထိခိုက် ပျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါအပြင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုရားဝင်းမှာ စာရေးလုပ်ကိုင်နေတဲ့ သက်လတ်ပိုင်း အမျိုးသမီး ၁ ဦးနဲ့ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေတဲ့ အမျိုးသား ၁ ဦး လက်နက်ကြီးစ ထိမှန် ဒဏ်ရာရရှိ ခဲ့တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇဟာကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်ဟာ မောင်မယ်ရှောင်ကျေးရွာအနီး ပတ်ဝန်းကျင်အား လက်နက်ကြီးနဲ့ ဒီနေ့ မနက်ပိုင်းကတည်းက ရမ်းသမ်းပစ်ခတ်နေပြီး ညနေပိုင်းအထိ လက်နက်ကြီးသံ တွေကြားနေရတာကြောင့် ကျေးရွာထဲရှိ ဒေသခံ ပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ကျောက်မဲတောင် နယ်မြေရဲစခန်းက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တောင်သုံးလုံးကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းက ဓမ္မာရုံ တစ်ဆောင် ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.