တန့်ဆည်၊ မတ် ၄

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကံထူးမရွာရဲစခန်းကို ဒီနေ့ မတ် ၄ ရက်နေ့ မနက်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ရဲတပ်ရင်း-၁၆၊ ခမရ-၃၆၁ နဲ့ပျူစောထီးအဖွဲ့ဝင်တွေ အခြေပြုရာ ကံထူးမရွာရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရွှေဘိုခရိုင်နဲ့ စစ်ကိုင်းခရိုင်တပ်ရင်း ပူးပေါင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်လေတပ်တို့မှ ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့နဲ့ လေကြောင်းတိုက်ခိုက်မှု ၂၃ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးစခန်းစွန့်ခွာထွက်ပြေးသွားတဲ့ ကံထူးမရဲစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ မော်တော်ယာဉ် အမြောက်အမြားသိမ်းယူနိုင်ခဲ့တာပါ

စခန်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးပြီး ၃၂  ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို PDF ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.