လွိုင်ကော် – မတ် ၄

ကရင်နီပြည်နယ်မှာ မြို့သိမ်းတိုက်ပွဲတွေဆင်းနွှဲနေတဲ့ ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တွေ အတွက် ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ရှေ့တန်းဆေးအဖွဲ့ထံက သိရပါတယ်။ 

လက်ရှိမှာတော့ တိုက်ပွဲနယ်မြေကျယ်ပြန့်လာတာနဲ့အမျှ ရှေ့တန်းရဲဘော်တွေအတွက် ဆေးဝါး လိုအပ်ချက်တွေလည်း အရေးတကြီးလိုအပ်နေတာပါ။ 

ကရင်နီပြည်နယ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာရဲဇော်ကတော့ ရှေ့တန်းဆေးလိုအပ်ချက် ကို ဖြည့်တင်းနိုင်မယ်ဆိုပါက အထိအခိုက်နဲ့ ဆုံးရှုံးမှုတွေ နည်းလာမှာဖြစ်တယ်လို့ သံလွင်တိုင်းမ် ကို မှတ်ချက်ပေးပါတယ်။ 

” ရှေ့တန်းရဲဘော်တွေအတွက် ဆေးလိုအပ်ချက်က ရှေ့တန်းမှာ ဒုတိယနေရာလောက်အထိကို အရေးပါတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ရှေ့တန်းရဲဘော်တွေအတွက် ဆေးလိုအပ်ချက် ကို ကောင်းကောင်းဖြည့်နိုင်ရင် ရှေ့တန်းမှာကျွန်တော်တို့ကုသမှုကိုသာ ကောင်းကောင်းပေးနိုင် ခဲ့မယ်ဆိုရင် အနောက်ဆေးရုံကိုလွှဲရတဲ့ပမာဏလည်း နည်းလာမယ်။တကယ်လို့ဆေးရုံလွှဲရခဲ့ တယ်ဆိုရင်တောင်မှ အထိအခိုက် ဆုံးရှုံးမှု နည်းမယ်။လူနာလည်းသက်သာမယ်။ရဲဘော်လည်း သက်သာမယ်။ပစ္စည်းမပြည့်မစုံနဲ့လွှဲရမယ်ဆိုရင် လမ်းမှာရဲဘော်ကအဆင်မပြေတာတွေဖြစ် လာနိုင်တယ်”လို့သူက မှတ်ချက်ပေးပါတယ်။ 

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ဆေးဝါးမလုံလောက်မှုကြောင့် အသက် ဆုံးရှုံးခဲ့ရ တဲ့ တော်လှန်ရေးရဲဘော်မရှိသလောက် နည်းပေမယ့် ခွဲစိတ်မှုမပေးနိုင်လို့ အသက်ဆုံး ရှုံးခဲ့ရတဲ့ ရဲဘော်တွေတော့ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းကို ဆေးဝါးတွေမဝင်ရောက်စေဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းက စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ်လုပ်ဆောင်တာတွေ ရှိနေတာပါ။

ကရင်နီကျန်းမာရေးအဖွဲ့တွေကတော့ လုံခြုံရေးအခြေအနေတွေကြောင့် လိုအပ်တဲ့ ဆေးဝါးတွေ ကို ထုတ်မပြောလိုကြဘဲ တော်လှန်ရေးတပ်ဖွဲ့တွေကတဆင့် လှူဒါန်းဖို့ပဲ တိုက်တွန်းထားပါတယ်။

အခုချိန်မှာတော့ လွိုင်ကော်၊မိုးဗြဲ၊ဖယ်ခုံနဲ့ ဖားဆောင်းစတဲ့ ဒေသတွေမှာ မြို့သိမ်းတိုက်ပွဲတွေ စတင်ထားပြီး နှစ်ဘက်စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်း ၃ နှစ်အတွင်းတိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် ၅၀၀ နီးပါးအထိကျဆုံးခဲ့တယ်လို့ အသိပေးထား ပါတယ်။

သတင်း – သံလွင်တိုင်းမ် 

ဓာတ်ပုံ – KDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.