သထုံ၊ မတ် ၂
မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဒူးရင်းဆိပ်တံတား စစ်ဆေးရေးဂိတ်နဲ့ အမှတ်(၂၄) ခြေလျင်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ဂိတ်စခန်းတို့ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းနဲ့ ဗုံး ၆ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံး ၃ လုံးဟာ စစ်ဆေးရေးဂိတ် ဘန်ကာတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒရုန်းဗုံး နောက် ၃ လုံးဟာ ခလရ(၂၄)တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီခြားအတည် ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ကောင်စီတပ်နဲ့ ဂိတ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် သထုံမြို့နယ်အခြေစိုက် အမှတ်(၉) လေ့ ကျင့်ရေးတပ်၊ လေကြောင်းရန်တပ်နဲ့ အမြောက်တပ်တို့က PDF တွေရှိမယ်ထင်တဲ့နေရာတွေကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း ဒူးရင်းဆိပ်တံတားဂိတ်၊ ခလရ (၂၄) ၊ ခမရ (၁)တပ်တို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ