မော်လမြိုင် ၊ မတ် ၂

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး AD နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဖို့ တရားဝင်ချဉ်း ကပ်ဖို့ အစီအစဉ်ရှိပေမယ့် လောလောဆယ်အထိ တရားဝင်ညှိနှိုင်းဆောင်ရွက်တာမရှိသေးဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ပြောပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ဒုတိယကြိမ် ညီလာခံအပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကို MFSC ကောင်စီရဲ့ ကာကွယ်ရေးဌာန ဌာနမှူး နိုင်ဒင်းပလဟံသာက ဖြေကြားခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ မွန်ပြည်သစ်ပါတီ AD ရဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်ဆိုတဲ့ ကြေညာချက်အပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီက စစ်ရေးအရပူးပေါင်းသွားမှာဖြစ်ပြီး နိုင်ငံရေးအရ ညှိနှိုင်းမှုတွေကိုလည်း ဆက်လုပ်သွားမယ်လို့ နေ့ချင်းအသိပေးခဲ့တာပါ။

နိုင်ဒင်းပလဟံသာက လောဆယ်မှာ မွန်ပြည်သစ် AD က မိမိတို့ကို တရားဝင်ချဉ်းကပ်တာမရှိပေမယ့်မူအရ စစ်ရေးဆိုင်ရာပူးပေါင်းဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တရားဝင်ချဉ်းကပ်ဖို့ အစီအ စဉ်ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီမူအတိုင်း လျှောက်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် လောလောဆယ် အခြေအနေအရ ကျွန်တော်တို့ကို NMSP-AD က ချဉ်းကပ်ပုံစံမျိုး မရှိပေမယ့် စစ်ရေးပိုင်းဆိုင်ရာ Informal အလွတ်သဘော ချဉ်းကပ်ပုံတော့ ရှိပါတယ်။ ဒါပေမယ့် ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဘက်က မူတွေရှိပါတယ်။ စကစကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေအားလုံးကို မဟာမိတ်အနေနဲ့ဖွဲ့ပြီး တိုက်ပွဲဝင်သွားဖို့ မူရှိတဲ့အခါကျတော့ NMSP-AD နဲ့ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့ ကျွန် တော်တို့ သူတို့ကိုတရားဝင်ချဉ်းကပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် လောလောဆယ်အထိ တ ရားဝင် ညှိနှိုင်းဆောင်ရွက်မှုမရှိသေးပါဘူးလို့ ဖြေချင်ပါတယ်”လို့ သူက ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုအောက်မှာ မွန်ပြည်တော်လှန်ရေးတပ် MSRF ကို ဖွဲ့စည်းထားပြီး မွန်ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ မဟာ မိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ဗညားမွန်ကတော့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်သွားဖို့ မူဝါဒချမှတ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတိုင်းနဲ့ ကျွန် တော်တို့က လက်တွဲပူးပေါင်းဆောင်ရွက်သွားမယ့်မူတော့ ကျွန်တော်တို့ ချမှတ်ပြီးသားပါ။ အဲဒီအ ပေါ် အခြေခံပြီးတော့ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်လို့ရတဲ့ ကဏ္ဍတိုင်းမှာ ဆိုင်ရာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ AD ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအ စိုးရ NUG နဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်တိုက်ဖျက်နိုင်ရေး ခိုင်မာတဲ့မဟာမိတ်အဖြစ် နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေးစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူထားကြပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကတော့ ဒုတိယကြိမ်ညီလာခံမှာ မွန်ပြည်နယ်အတွင်း အားနည်းနေဆဲဖြစ်တဲ့ နိုင်ငံရေး စစ်ရေးပူးပေါင်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး လက်ရှိအချိန်ထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးစစ်ရေး ပူးပေါင်းမှုတွေ ပေါ်ပေါက်ဖို့ လိုအပ်တဲ့ ကော်မတီတွေ လုပ်ငန်းစဉ်တွေ ချမှတ်သွားမယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာ ကောင်စီရဲ့ ကော်မတီ ၃ ရပ်မှာလည်း မွန်လူမျိုးအပြင် မွန်ပြည်မှာ အခြေပြုနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးတွေ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေ စီးပွားရေးလုပ်ငန်းရှင်တွေ အစုအဖွဲ့က ခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် နှစ်ရက်တာကျင်းပခဲ့တဲ့ ဒုတိယကြိမ် ညီလာခံမှာ တော်လှန်ရေးကာလ ကြားကာလ မွန်ပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (သုညမူကြမ်း)ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး အဲဒီမူကြမ်းကိုတော့ တရားဝင်ထုတ်ပြခြင်း မရှိခဲ့ပါဘူး။

မွန်ပြည်ဖွဲ့စည်းပုံမူကြမ်းမှာ လူမျိုးစုအားလုံးအပြင် လူနည်းစုတွေအရဲ့ အခွင့်အရေးကိုလည်း ဖယ်ချန်ထားခြင်းမရှိဘဲ ရေးဆွဲထားတယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ ဥပဒေပြုရေးကော်မတီ ဥ က္ကဌ မိကွန်းချမ်းနွန်က သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကို ဖြေကြားထားပါတယ်။

“ကြားကာလ ဖွဲ့စည်းပုံရေးဆွဲတဲ့အခါမှာလည်း အဓိကတော့ လူမျိုးစုအားလုံးအပြင် လူနည်းစုတွေရဲ့ အခွင့်အရေးကိုလည်း ကျွန်မတို့က ဖယ်ချန်ထားခြင်းမရှိရအောင် ကျွန်မတို့ ရေးဆွဲထားတာ ဖြစ်ပါတယ်။ ကရင်၊ ဗမာ၊ ပအိုဝ်းလို့ ပြောမယ်ဆိုရင် လူနည်းစုမဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံထဲမှာရှိတဲ့ လူမျိုးစုတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်တဲ့အတွက် သူတို့တတွေရဲ့ အခွင့်အရေးကလည်း ကျွန်မတို့အားလုံးရဲ့ အခွင့်အရေးတွေနဲ့ အတူတူပဲ ရေးဆွဲထားတယ်ဆိုတာ ဖြေကြားချင်ပါတယ်”လို့ ဆိုပါတယ်။

အဲဒီမူကြမ်းကို မွန်ပြည်အတွင်း အခြေစိုက်တဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ လူထုအခြေပြုအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီး ဖွဲ့စည်းပုံ အ တည်ပြုချက်ရရှိဖို့ ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဧပြီအတွင်း မွန်ပြည်ကြားကာ လ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာ ပြုလုပ်တဲ့ ပထမကြိမ်ညီလာခံအပြီး အသွင်ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.