မော်လမြိုင် ၊ မတ် ၂

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဧည့်စာရင်းသေချာစစ်ဆေးဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားဧည့်သည်တွေ လုံခြုံစိတ်ချစွာ တည်းခိုနေထိုင်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဧည့်စာရင်းပေးပို့ ဆောင်ရွက်မှုကို စနစ်တကျလုပ်ဆောင်ဖို့ ညွှန်ကြားလာတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဖေဖော်ဝါရီ ၂၇ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအတွင်း ညွှန်ကြားလာတာ ဖြစ်ပါတယ်။

ဧည့်စာရင်းတွေ သေချာစစ်ဆေးဖို့ ညွှန်ကြားပြီးနောက် ပြည်နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းတွေအပြင် ရပ်ကွက်နဲ့ ကျေးရွာတွေမှာပါ စစ်ကောင်စီဘက်က ဧည့်စာရင်းစစ်ဆေးမှု တင်းကျပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတစ်ဦးကတော့ ဧည့်စာရင်းဝင်ရောက် စစ်ဆေးရာမှာ ရာအိမ်မှူးတွေ လက်ညှိုးထိုးတဲ့အိမ်တွေကို ဦးစားပေးစစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေလည်း ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရပ်ကွက်ထဲမှာ လောလောဆယ်က ဧည့်စာရင်းကစစ်တယ်။ ဒါပေမယ့် သူတို့အဓိကတော့ အခြေ ခံ ရာအိမ်မှူးတွေ လက်ညှိုးညွှန်တဲ့အိမ်တွေကို ဝင်တာများတာပေါ့။ စစ်တဲ့အခါကျရင် ဧည့်စာရင်းမတိုင်ထားတဲ့ အိမ်ဆိုရင် ရာအိမ်မှူးက တာဝန်ယူလို့ရှိရင် မနက်ကျရင် ရုံးကိုချိန်းလိုက်တယ်။ ပိုက်ဆံတောင်းတယ်။ နောက်တချို့ သူတို့သံသယဖြစ်တဲ့ အိမ်ဆိုရင်တော့ သေချာရှာတာပေါ့။ ဖုန်းတွေဘာတွေက အစမေးတာပေါ့။ နောက်ပြီးတော့ ပိုက်ဆံရနိုင်တဲ့အိမ်ပေါ့။ အဲဒီလိုမျိုးအိမ်တွေကို မထင် မှတ်ဘဲနဲ့ ဝင်စစ်တာတွေလုပ်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဧည့်စာရင်းဝင်စစ်စဉ် ဧည့်စာရင်းမတိုင်ထားသူတွေ တွေ့ရှိပါက လူတစ်ဦးကို အနည်းဆုံး ကျပ်ငါးသောင်းမှ သိန်းနဲ့ချီ တောင်းခံတာတွေရှိနေပြီး ငွေကြေးမပေးပါက ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိနေပါတယ်။

ရွေ့ပြောင်းလုပ်သားတစ်ဦးကတော့ စစ်ကောင်စီ လက်အောက်ခံတွေက ရပ်ကွက်တွေအတွင်း ဧည့်စာရင်းတွေကို ပုံမှန်စစ်ဆေးနေတာကြောင့် ဧည့်စာရင်းအမြဲတိုင်ကြားနေရပြီး ဧည့်စာရင်း တိုင် ကြားပါကလည်း ငွေကြေးပေးဆောင်နေရတယ်လို့ ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာတော့ စစ်တာပေါ့ဗျာ။ ရပ်ကွက်တွေ ဘာတွေကတော့ သူတို့ဒီအပိုင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ အဲဒီလိုမျိုး စစ်တာတော့ ရှိတာပေါ့။ စစ်တာဆေးတာတော့ ပုံမှန်ပေါ့။ ဧည့်စာ ရင်းတော့ တိုင်ရတယ်လေ။ ရက်၂၀ ပြည့်ရင် တစ်ခါတိုင်ရတယ်။ ရက်ကျော်သွားရင်တော့ ပြောတာပေါ့။ သွားတိုင်တဲ့အခါကျရင်၊ ပိုက်ဆံတော့ ပေးရတာပေါ့။ သူတို့စာရွက်စာတမ်းဖိုးတို့၊ ပုံမှန်ဧည့်စာရင်း စာရွက်ရှိနေတယ်ဆိုတော့ သွားတိုင်လို့ရှိရင် မျက်မှန်းတန်းမိနေတော့ စေတနာကြေးတော့ ပေးရတာပေါ့ဗျာ”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဟာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်းရှိ နေအိမ်တွေမှာ နေ့စဉ်နီးပါး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အခုလို စစ်ဆေးတဲ့နေရာမှာလည်း ဧည့်စာရင်း တိုင်ကြားမထားတဲ့သူတွေကိုတော့ ငွေကြေးတောင်းခံပြီး ပြန်လွတ်ပေးတာတွေ ပြုလုပ်နေသလို ငွေကြေးမတတ်နိုင်သူတွေကိုတော့ ပုဒ်မအ မျိုးမျိုးတပ်ကာ ထောင်ချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဧည့်စာရင်းဥပဒေအရ အိမ်ထောင်စုစာရင်းဝင်မဟုတ်သူတွေ ညအိပ်ညနေ နေထိုင်ပါက မဖြစ်မနေ ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ဧည့်စာရင်းမတိုင်ပါက ဒဏ်ငွေကျပ် ၁၀၀၀၀ ပေးဆောင်ရမှာ ဖြစ်သလို ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ် ၇ ရက် ကျခံရမှာ ဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။

ဧည့်စာရင်း ဥပ‌ဒေကို အရင်စစ်အစိုးရလက်ထက် အဆင့်ဆင့်ကျင့်သုံးခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာတော့ ဒီဥပဒေဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် ၂၀၁၆ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာပါ။

တကျော့ပြန် စစ်တပ်အာဏာသိမ်းမှုပြီးနောက် ဧည့်စာရင်း ဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှာ ပြန်လည်အသက်သွင်းခဲ့ပြီး ဒေသခံပြည်သူတွေကို နေ့စဉ်ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးငွေညှစ်တာတွေ လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.