နေပြည်တော် ၊ မတ် ၁

စစ်ခေါင်းဆောင် ဖွဲ့စည်းခဲ့တဲ့ ကောင်စီဝင်တွေနဲ့ အုပ်ချုပ်ရေးယန္တရားထဲမှာ ပါဝင်တဲ့ ထိပ်ပိုင်းလူပုဂ္ဂိုလ် ၁၅၂ ဦး ကို အာဏာသိမ်းသုံးနှစ်အတွင်း အပြောင်းအလဲလုပ်ခဲ့တာဟာ နေရာချထားမှုနဲ့ တာဝန်ခွဲဝေမှုမှာ ဂနာငြိမ်ပုံမရဘူးလို့ ISP-Myanmar ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

အစီရင်ခံစာအရ အာဏာသိမ်းသုံးနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလို့ အမည်တပ်ထားတဲ့ စစ်အုပ်စုရဲ့ ကောင်စီဝင်တွေ၊ အုပ်ချုပ်ရေးယန္တရားထဲက ဝန်ကြီး၊ ဒုတိယဝန်ကြီးကနေ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်အဆင့်အထိ ပါဝင်နေတာပါ။

ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုအကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းယူပြီးနောက် စစ်ကောင်စီကို ဖွဲ့စည်းခဲ့ရာမှာ ကောင်စီဝင်အဖြစ် တပ်မတော်သားတစ်ဝက်၊ အရပ်ဘက်တစ်ဝက် ပုံဖော်ခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဖွဲ့စည်းခဲ့တဲ့ ကောင်စီဝင်တွေထဲမှာ စစ်ဘက်ကိုးဦးနဲ့ အရပ်ဘက် ၁၀ ဦး စုစုပေါင်း ၁၉ ဦးအထိ အဆင့်ဆင့် ထပ်တိုးပြီးနောက်ပိုင်း ၂၀၂၂ ဖေဖော်ဝါရီမှာတော့ စစ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးကို ထပ်တိုးခဲ့တာကြောင့် စစ်ဘက်၊ အရပ်ဘက် ၁၀ ဦးစီ ဖြစ်လာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ တစ်နှစ်ထဲ သုံးကြိမ်အထိ အပြောင်းအလဲလုပ်ခဲ့ပြီး ပထမအကြိမ် ပြောင်းလဲမှုမှာ စစ်ခေါင်းဆောင်နဲ့ သဘောထားကွဲခဲ့တဲ့ ကောင်စီဝင် အရပ်ဘက် နိုင်ငံရေးသမားတချို့ကို အနား ပေးပြီး လူသစ်တွေနဲ့ အစားထိုးတာပါ။

ဒုတိယအကြိမ်မှာလည်း ကောင်စီဝင် အရပ်သားတွေကို ထပ်မံအနားပေးပြီး တတိယအကြိမ်မှာတော့ စစ်ခေါင်းဆောင်ရဲ့ လူယုံတော် ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး လာဘ်စားလို့ ဖယ်ရှားလိုက်ရတာကြောင့် နောက်ထပ်စစ်ဘက်နှစ်ဦးနဲ့ အစားထိုးတာ ဖြစ်ပါတယ်။

နောက်ဆုံး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ သက်တမ်းတိုးချိန်မှာတော့ လူစားလဲတာမရှိခဲ့ပေမယ့် ဒီသုံးနှစ်အတွင်း စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းတာ လေးကြိမ်ရှိခဲ့ပါတယ်။ အဲဒီကောင်စီမှာ ပါဝင်ခဲ့သူ ၃၃ ဦးရှိခဲ့ပြီး နေရာအပြောင်းအလဲ ၂၂ ကြိမ်နဲ့ အနားပေးခံရသူ ၁၅ ဦးအထိ ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားဟာ အလှုပ်အရမ်းများတဲ့အတွက် ကောင်စီဝင်တွေ၊ အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ လက်နက်ချမှုတွေကြာင့် အပြောင်းအလဲများတဲ့ကာလလို့ သုံးသပ်ပါတယ်။

“ဒီနေ့ကာလမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက အတော်အလှုပ်အရမ်းများတဲ့အပေါ် တိုင်း ပြည်မတည်ငြိမ်တာ၊ စစ်ကောင်စီထဲမှာ ရှိနေတဲ့သူတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ ပေါ်ထွက်လာတာ။ အဲဒါကြောင့် မလွဲမရှောင်သာ အရေးယူရတာ။ နောက်တစ်ခုက အထက်ပိုင်းက အရာရှိတွေကိုယ်တိုင် ဗိုလ်ချုပ်တွေကိုယ်တိုင် အကျင့်ပျက်ခြစားမှုတွေ ၊ လက်နက်ချအညံ့ခံမှုတွေ များလာတဲ့အခါ သဘာဝကျစွာပဲ စစ်ကောင်စီအပါအဝင် တိုင်းမှူး၊ တပ်မှူးတွေရဲ့ အပြောင်းအလဲတွေ အလွန်ကိုများပြားတဲ့ကာလဖြစ်တယ်လို့ ကျွန်တော် သုံးသပ်မိပါတယ်” လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ခေါင်းဆောင်ဟာ သုံးနှစ်အတွင်း အစိုးရအဖွဲ့တခုလုံးကို ပြင်ဆင်မှု ၆ ကြိမ် လုပ်ခဲ့ပြီး အဲဒီထဲမှာ လူစားလဲတာ၊ နေရာအရွှေ့အပြောင်းလုပ်တာ ၅၆ ကြိမ်နဲ့ လူပုဂ္ဂိုလ် ၅၄ ဦး ရှိခဲ့တယ်လို့ ISP-Myanmar ရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဝန်ကြီးဌာနအလိုက် ပြင်ဆင်ပြောင်းလဲမှုအများဆုံးဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနဖြစ်ပြီး ရှစ်ကြိမ်အထိ ပြင်ဆင်ပြောင်းလဲခဲ့တာပါ။ နောက်ဆုံးအကြိမ် ပြင်ဆင်ဖွဲ့စည်းမှုမှာ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန အမှတ်-၁ ကနေ ၄ အထိ တိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးဌာနအပြောင်းအလဲတွေထဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးပြီးရင် စွမ်းအင်၊ ဟိုတယ်နဲ့ခရီး သွားလာရေး၊ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဂတိလိုက်စားမှုတိုက်ဖျက်‌ရေးကော်မရှင်တို့က ဒုတိယအများဆုံးဖြစ်ခဲ့ပြီး သုံးကြိမ်အထိ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.