မော်လမြိုင် ၊ မတ် ၁
မွန်ပြည်နယ်အတွင်းရှိ ကျေးလက်နေပြည်သူတွေနဲ့ တိုင်းရင်းသားပြည်သူတွေ လူနေမှုအဆင့်အ တန်း မြင့်မားစေဖို့ဆိုပြီး လာမယ့်ဧပြီလအတွင်း “အ”သုံးလုံး မဖြစ်မနေ သင်ကြားဖို့ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ်က ဖိအားပေးလာပါတယ်။
“အ”သုံးလုံး သင်ကြားဖို့ စီမံချက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီခန့် မွန်ပြည် နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက “အ”သုံးလုံး မဖြစ်မနေ သင်ကြားဖို့ ညွှန်ကြားလာတာပါ။
အစည်းအဝေးအတွင်း ဦးအောင်ကြည်သိန်းက “အ”သုံးလုံး စီမံချက်ကို အကောင်အထည်ဖော်ဖို့ အတွက် ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့်ထိ လုပ်ငန်း ကြီးကြပ်မှု ကော်မတီတွေ ဖွဲ့စည်းထားပြီးဖြစ်တဲ့အတွက် လုပ်ငန်းစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ဖို့ ပြောဆိုခဲ့တာပါ။
CDM ဆရာတစ်ဦးကတော့ “အ”သုံးလုံး ပြန်လည်သင်ကြားဖို့ လုပ်ဆောင်တာဟာ ခေတ်ကာလနဲ့လျော်ညီမှု မရှိတော့သလို အခုအစီအစဉ်ဟာ အလုပ်မရှိ ကြောင်ရေချိုးမှုသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။
“သူ(စစ်ကောင်စီ)က အလုပ်မရှိ ကြောင်ရေချိုးနေတာပါ။ ဒီနေ့ခေတ်ကြီးက ဟိုတုန်းကလိုလည်း မဟုတ်ဘူးလေနော်။ ဟိုတုန်းကလို တကယ်ကို အရေး၊ အဖတ်၊ အတွက်တွေမရတော့လို့ တကယ်ကို တောကြီးမျက်မည်း မြို့နဲ့ ရွာမနီးမနားမို့လို့ သွားရလာရပြီးတော့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက စွန့်စွန့်စားစားလိုက်သင်။ အဲဒီခေတ်မှ မဟုတ်တော့တာ။ အမှန်တိုင်းပြောရမယ်ဆိုရင် “အ”သုံးလုံးက မလိုတာကြာပါပြီ။ အခုအစီအစဉ်က ထွေထွေထူးထူး အောင်မြင်မှုရလဒ်ဆိုတာ မရှိပါဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိကာလဟာ ကျေးလက်ဒေသတွေနဲ့ တိုင်းရင်းသားဒေသ နေရာအနှံ့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လုံခြုံမှုမရှိတော့သလို ဒေသခံတွေအနေနဲ့လည်း စားဝတ်နေရေးတွေကိုသာ လုံးပန်းနေရတဲ့အတွက် စိတ်ဝင်စားမှုရှိမှာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ ရပ်ရွာတွေအတွင်း စာမတတ်သူတွေနဲ့ ကျောင်းမနေဖူးသူတွေကို စာရင်းနဲ့ စာသင်ဝိုင်းစာရင်းတွေကို ကောက်ယူထားဖို့နဲ့ လုပ်အားပေးနည်းပြ စာ ရင်းတွေကိုလည်း ကောက်ယူဖို့ ညွှန်ကြားထားတာပါ။
CDM ဆရာမတစ်ဦးက ဒီညွှန်ကြားချက်ဟာ စစ်ကောင်စီ စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိတဲ့ နယ်မြေတွေမှာ အကောင်အထည်ဖော်နိုင်မှာ မဟုတ်တဲ့အတွက် အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“နယ်ဘက်တွေကတော့ သူတို့မစိုးမိုးနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ဘာညွှန်ကြားကြား လုပ်မှာလည်း မဟုတ်ဘူးပေါ့နော်။ သူတို့ဒီလိုမျိုးတွေ ညွှန်ကြားလည်းပဲ သူတို့နဲ့အနီးကပ် ကြောက်တဲ့သူတွေသာ လုပ်ကြရမှာပေါ့။ သူတို့နဲ့ဝေးတဲ့သူတွေက သူတို့အမိန့်တွေ ညွှန်ကြားချက်တွေ လိုက်နာမှာမဟုတ်ဘူးပေါ့နော်။ တကယ်ထိထိရောက်ရောက် မဟုတ်ဘဲနဲ့ ဖော်ရှိုးအနေနဲ့ လုပ်ကွက်ပြချင်လို့ လုပ်တယ်လို့ပဲ မြင်ပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီက ပြုလုပ်မယ့် “အ”သုံးလုံး စီမံချက်အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မော်လမြိုင်တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူတွေကို “အ”သုံးလုံး သင်ကြားပေးဖို့ အတင်းအကျပ် စာရင်း ကောက်ယူတာတွေ ရှိနေတာပါ။
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ “အ”သုံးလုံးကို စိတ်ဝင်စားစေဖို့အတွက်ဆိုပြီး မေဂျာအလိုက် “အ”သုံး လုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေ ပြသနေသလို “အ”သုံးလုံး စီမံချက်မှာ လိုက် ပါသူတွေကို နေထိုင်စားသောက်ရေးအပြင် ငွေကြေးတွေပါ ထောက်ပံ့ပေးမယ်လို့ စည်းရုံးတာတွေ ရှိနေပါတယ်။
“အ”သုံးလုံး အစီအစဉ်ဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲမကြာခဏ ဖြစ်ပွားနေတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ သင်ကြားနိုင်မှာ မဟုတ်ဘဲ မြို့ပေါ် လောက်မှာသာ ဟန်ပြအဖြစ် လုပ်လာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေတာပါ။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းက လူငယ်အနည်းဆုံး ၈ သန်းကနေ ၁၀ သန်းထက်မနည်း ပညာသင်ယူခွင့် ဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-MRTV