ဘားအံ၊ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် ဘားအံမြို့ကို ဝင်တိုက်မယ်ဆိုတဲ့သတင်းတွေကြောင့် စစ်ကောင်စီတပ်က မြို့အဝင်လုံခြုံရေး ပိုမိုတိုးမြှင့်ထားပြီး မွန်ပြည်နယ် သထုံကနေတစ်ဆင့် သံချပ်ကာတွေပါတဲ့ တပ်အင်အားအစုအဖွဲ့တွေလည်း ပို့ဆောင်လာနေတယ်လို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းထဲကစပြီး ဘားအံမြို့ကို တော်လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာနေမှုနဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အများအပြား ဘားအံမြို့ထဲကို ဝင်ရောက်လာမှုတွေကြောင့် စစ်ကောင်စီတပ်က မြို့အဝင်လုံခြုံရေးကို ပိုမိုတိုးမြှင့်လာတာပါ။

ဘားအံမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းနဲ့ နီးစပ်တဲ့ လမ်းပိုင်အချို့တွေမှာ သွားလာခွင့်တွေ ပိတ်ဆို့ကန့်သတ်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း တိုက်ပွဲဝင်အသင့်အနေအထားနဲ့ အဆင်သင့်ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြို့အနီးရှိ တချို့ကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က အင်အားချထားတာတွေ၊ ကင်း ပုန်းဝပ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညပိုင်းကလည်း မွန်ပြည်နယ် သထုံကနေတစ်ဆင့် သံချပ်ကာကားတွေပါ ဝင်တဲ့ စစ်ကောင်စီယာဉ်တန်းတွေဟာ ဘားအံမြို့ကိုရောက်ရှိလာပြီး ဒါဟာဘားအံမြို့လုံခြုံရေးအ တွက် တပ်အင်အားတွေ ထပ်မံပို့ဆောင်လာတာ ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဘားအံမြို့အနီးရှိ နောင်လုံကျေးရွာမှာရှိတဲ့ အရင် DKBA တပ်ရင်းဌာန ချုပ်ဟောင်းတစ်ခုမှာ စစ်ကောင်စီလက်အောက်ကနေ နှုတ်ထွက်ခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်အများအပြား ပြန်လည်ဝင်ရောက်တပ်စွဲနေထိုင်ခဲ့တဲ့အတွက် စစ်ကောင်စီနဲ့ တင်းမာ မှုတွေ ဖြစ်နိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပိုင်ဆိုင်တဲ့ ကိုဗစ်ကာလနောက်ပိုင်း ပိတ်ထားခဲ့ရတဲ့ ချစ်သူမြိုင်ပန်းခြံမှာရှိတဲ့ အလုပ်သမားဝန်ထမ်းတွေကို BGF က ပြန်ခိုင်းနေပြီး အဲဒီပန်းခြံဝင်း အတွင်းထဲမှာ BGF တပ်ဖွဲ့ဝင်တွေသာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ ဘားအံမြို့ကိုဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာမှုနဲ့အတူ စစ်ကောင်စီက သတ်မှတ်အတည်ပြုလိုက်တဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် မြို့ပေါ်နဲ့ အနီးအနားဝန်းကျင်နေရာတွေမှာ လူအသွားအလာနည်းပါးလာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KIO FM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.