သံဖြူဇရပ်၊ ဖေဖော်ဝါရီ ၂၃
မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့သူတွေအနက် အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် ဒေသခံ ၆၀ နီးပါးကို PDF နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဖမ်းဆီးခဲ့တာပါ။
အဲဒီထဲက ကိုသိန်းအေးပါ ၂ ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ၊ အမျိုးသမီး ၃ ဦးကို ထောင်ဒဏ် ၈ နှစ်စီ၊ ကိုဝတုတ်နဲ့ ကိုကြက်ခုတ်အပါအဝင် ၃ ဦးကို ထောင်ဒဏ်တစ်နှစ်စီ အခုလအတွင်း အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့သူတွေမှာ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ကိုတရုတ်ကိုတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ် ဖမ်းဆီးထားသူတွေမှာ ၃၀ လောက်သာ ပြန်လွှတ် ပေးခဲ့ပေမယ့် ကျန်ရှိတဲ့ ၃၀ နီးပါးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေအပြင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)တွေနဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ သံဖြူဇရပ်ဒေသခံတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချထားပြီး မိသားစုနဲ့လည်း တွေ့ခွင့်မရသလို အမှုရင်ဆိုင်နေရတဲ့ တချို့ဒေသခံတွေဟာ ရှေ့နေငှားရမ်းခွင့်တောင် မရဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်တွေအရ အာ ဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဒေသခံ ၉၀၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုဟာ ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media