ထားဝယ်၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ နီးပါး သေဆုံးထားပြီး စစ်ကား ၆ စီးကိုလည်း တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က တိုက်ခိုက်ချေမှုန်းထားတယ်လို့ သိရပါတယ်။

တပ်အင်အား ၃၀၀ ဝန်းကျင်၊ စစ်ကား ၁၇ စီးနဲ့ ထားဝယ်အရှေ့တောဒေသထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်တို့ကြား မနေ့က တစ်နေ့လုံးနီးပါး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေအရ တိုက်ပွဲအတွင်း စစ်ကားတွေ မီး လောင်ပျက်စီးနေတာ၊ စစ်ကောင်စီရဲနဲ့စစ်သား ၂၀ နီးပါး သေဆုံးနေတာ တော်လှန်ရေးအင်အားစုတွေက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တာကို တွေ့ရပါတယ်။

စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ တိုက်ပွဲအတွင်း ဒုတပ်ကြပ် ကြီး ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားပြီး တိုက်ပွဲဖြစ်စဉ်အသေးစိတ်ကို ပူးပေါင်းအဖွဲ့တွေဘက်က ထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

ထားဝယ်အရှေ့တောတိုက်ပွဲဟာ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း Mi 2 လေယာဉ်နဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ထားဝယ်-ထီးခီးလမ်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတစ်လျှောက်မှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ခိုက်ခံရပြီး ထိခိုက် ကျဆုံးမှုတွေ များနေတာကြောင့် လေကြောင်းကို အဓိကအသုံးပြုနေရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့အချက်အလက်တွေအရ အခုနှစ်ဆန်းပိုင်းကစလို့ ဖြစ်ပွားနေတဲ့ တနင်္သာရီတိုင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက် ၇ ကြိမ်ထက်မနည်း ပြုလုပ်ထားပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲ အကြိမ် ၄၀ ထက်မနည်း ဖြစ်ပွားထားပြီး ရက်ရှည်တိုက်ပွဲတွေ ပိုဖြစ်လာတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ဖေ ဖော်ဝါရီ ၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.