မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃

စစ်မှုထမ်းဥပဒေကြောင့် စစ်ကောင်စီဩဇာခံတပ်တွင်းနဲ့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းအသိုင်းအဝိုင်းကြား ဝေဖန်မှုတွေရှိနေတယ်လို့ တပ်တွင်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လာမယ့်ဧပြီလမှာ စတင်မယ့် စစ်မှုထမ်းဥပဒေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ အမျိုး သားတွေကို ရွေးချယ်သွားမှာဖြစ်ပြီး တပ်မတော်သားတွေရဲ့သားသမီးတွေကိုလည်း ရွေးချယ်သွားမှာဖြစ်တယ်လို့ အသိပေးထားတာပါ။

အဲဒီလိုအခြေအနေတွေကြောင့် စစ်ကောင်စီတပ်တွင်းက ရာထူးအလယ်အလတ်လောက်ရှိသူတွေရဲ့ သားသမီးတချို့ဟာ နိုင်ငံခြားကို တိတ်တဆိတ်ထွက်ခွာတာတွေရှိနေတယ်လို့ တပ်တွင်းသတင်း ပေးတွေက ဆိုပါတယ်။

အရာရှိတွေရဲ့ မိသားစုဝင်တွေဘက်က နိုင်ငံခြားကိုတိမ်းရှောင်နေကြပေမယ့် အောက်ခြေစစ်သားတွေရဲ့ မိသားစုတွေကတော့ တန်းတူမတိမ်းရှောင်နိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ရှိနေတယ်လို့ မေမေ့ရင်ခွင်အဖွဲ့မှ တပ်တွင်းသတင်းပေးတွေနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ တပ်မတော်အတွင်းမှာရှိတဲ့ အရာရှိထိပ်ပိုင်းတွေရဲ့ သားသမီးတွေကတော့ တချို့နည်းနည်းအဆင့်မြင့်တဲ့သူတွေရဲ့ သားသမီးတွေကတော့ နိုင်ငံခြားတွေကို Passport တွေနဲ့ ဈေးဝယ်ထွက်တာတို့၊ ကျောင်းတို့၊ ကျန်းမာရေးတို့ပြပြီးထွက်နေကြတယ်။ နယ် စပ်မှာတာဝန်ကျတဲ့သူတွေ ဥပမာ ထားဝယ်ဘက်တို့ဘာတို့ကျတော့ ကော့သောင်း-ရနောင်းဘက်ကနေပြီး ထိုင်းနိုင်ငံဘက်ကို ထွက်နေတာတွေရှိတယ်။ ဒါပေမယ့် ပြည်မထဲမှာရှိနေတဲ့ စစ်မှုထမ်းတွေကျတော့ သူတို့သားသမီးတွေက ထွက်လို့မရတဲ့ အခြေအနေကြောင့် မကျေနပ်တဲ့အသံတွေကျွန် တော်တို့ကြားရတယ်”လို့ သူကပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ ဇနီးဟာ တပ်ကနှင်ထုတ်ခံထားရသလို အကျိုးခံစားခွင့်တွေလည်း မရရှိပေမယ့် သူ့ရဲ့သားကို စစ်တပ်က တာဝန်ထမ်းဆောင်ဖို့ ပြန်ခေါ်မှာ စိုးရိမ်နေရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ အဲဒီဥပဒေကို အကောင်အထည်ဖော်မယ့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

အခုလိုစစ်တပ်အတွင်းမှာ စိုးရိမ်မှုတွေ ဝေဖန်မှုတွေမြင့်တက်တာအပြင် စစ်ကောင်စီအလိုကျ တာ ဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာလည်း သူတို့ရဲ့သားသမီးတွေ စစ်မှုထမ်းရမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီကျန်းမာရေးဌာနမှာ တာဝန်ဆောင်နေဆဲဖြစ်တဲ့ Non CDM ဝန်ထမ်းတစ်ဦးကတော့ သူ့ရဲ့သမီးဖြစ် သူကို တိုင်းရင်းသားလက်နက်ကိုင်တွေစိုးမိုးထားတဲ့ လွတ်မြောက်နယ်မြေတစ်ခုကို ပို့ဆောင်ခွင့်ရဖို့ ဆက်သွယ်တာတွေ ရှိလာတယ်လို့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

“သူတို့သားသမီးတွေကိုတော့ စစ်ကျွန်အဖြစ်ကို အဖြစ်မခံလိုကြဘူးပေါ့။ Non CDM တွေရော၊ စစ်သည်တွေ ရောပေါ့။ သူတို့သားသမီးတွေကိုတော့ လွတ်အောင်ရုန်းထွက်ဖို့ ကြိုးစားချင်နေတာ တွေ့ရတယ်။ ကျွန်တော့်ကို အခုချိတ်လာတဲ့အထဲမှာဆိုရင် စစ်သားတွေရဲ့သားသမီးတွေ၊ အရာရှိတွေရဲ့သားသမီးတွေ၊ ဝန်ထမ်းပေါ့။ အရပ် ဘက်အရာရှိကြီးတွေရဲ့ သားသမီးတွေရောပေါ့ ပါတယ်။ တခြားလူတွေကိုလည်း သူတို့မပို့ချင်ဘူးပေါ့။ ကျွန် တော့်ဆီကိုကို ယုံကြည်တယ်ပေါ့။ သူတို့သမီးတွေကိုစောင့်ရှောက်ပေးပါဆိုပြီး ပြောလာတာအများကြီးပဲ။ ကျွန် တော်လည်းအခု တော်တော်လေးကြိုးစားပြီး စဉ်းစားနေရတယ်ပေါ့နော်။ သမီးအရွယ်လေးတွေ ၁၈၊၁၉ အရွယ် လေးတွေဆိုတော့ ကျွန်တော့်မှာထိန်းသိမ်းဖို့ကလည်းမလွယ်ဘူး” လို့သူက ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူ ၁၃ သန်းရှိနေပြီး အဲဒီထဲမှာ အမျိုးသား ၆ သန်းကျော်နဲ့ အမျိုးသမီး ၇ သန်းနီးပါးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရ ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လတ်တလောမှာ အမျိုး သမီး စစ်သည်တွေကို ခေါ်ယူဖို့မရှိသေးဘူးလို့ ပြောထားပေမယ့် စစ်ကောင်စီရဲ့ စကားကို ပြည်သူတွေအယုံအကြည်မရှိကြပါဘူး။

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်ကြေညာထားပေမယ့် တိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေ၊တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးမိုးနယ်မြေတွေမှာတော့ ဘယ်လိုပုံစံ ဖော်ဆောင်သွားမယ်ဆိုတာ အသိပေးလာတာမရှိသေးပါဘူး။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ဖြစ်သွားနိုင်ခြေ ရှိတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.