မော်လမြိုင်၊ ဖေဖော်ဝါရီ  ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့တို့ဟာ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူခဲ့တယ်လို့ NUG ဘက်က သတင်းထုတ်ပြန်ပါတယ်။

NUG မဟာမိတ်ဆက်ဆံရေး ကော်မတီအဖွဲ့ခေါင်းဆောင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့အဖွဲ့ဟာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်  နိုင်ဇေယျဦးဆောင်အဖွဲ့နဲ့ ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်များအပြီးတိုင် တိုက် ဖျက်နိုင်ရေး၊ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ခိုင်မာတဲ့ မဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊သံတမန်ရေးစတဲ့ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တာပါ။

ဒါ့အပြင် နှစ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မဟာမိတ်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံး အတွက် အစဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်သွားကြဖို့ သဘောတူညီကြတယ်လို့ သိရပါတယ်။

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး ပြန်တိုက်သွားမယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.