မုန်း၊ ဖေဖော်ဝါရီ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်နဲ့ ရွှေကျင်မြို့နယ်ထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ရွှေဝါအခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၃၀၇) ခြေမြန်တပ်ရင်းကနေ မုန်းမြို့နယ် လက်တက်ကြီးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၃ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် ဦးစိန်လှ သေဆုံးခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ် မောင်အာကာအပါအဝင် ဒေသခံ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်နေ့က KNU ရွှေကျင်မြို့နယ် ထီးဝါးထာကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားရှိးခိုကျောင်း တစ်ကျောင်းနဲ့ နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း မုန်းမြို့နယ် မြက်နီကွင်းကျေးရွာထဲ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းတစ်ကျောင်းအပါအင် နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ရေတွင်းကုန်းလေးကျေးရွာထဲမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်ပြာကျသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

KNU အုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူလူထု ၇ သိန်းခွဲကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.