မင်းပြား၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရဲ့ အရေးကြီးတဲ့ နေရာတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါ ရီ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီလေ့ကျင့်ရေးသင်တန်းကျောင်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၄ ရက်မြောက်နေ့မှာ ကာကင်းစခန်း ၃ ခု နဲ့ အရေးပါတဲ့ နေရာတစ်ခုအား သိမ်းပိုက်ရရှိထားပြီလို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းတစ်ခုလုံး အ ပြီးသတ်သိမ်းပိုက်နိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့တို့ရှိ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီစစ်စခန်း၊ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်တွေကို သိမ်းပိုက်ရရှိနိုင်ဖို့ ဆက်လက်တိုက် ခိုက်နေတယ်လို့ ရက္ခိုင့်တပ်တော် AA က ဆိုပါတယ်။

အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ထိုးစစ်ဆင်တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း မြို့ ၆ မြို့ထက်မနည်း အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားသလို စစ်ကောင်စီတပ်စခန်းရာနဲ့ချီ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.