နေပြည်တော် ၊ ဖေ‌ဖော်ဝါရီ ၂၂

ပြည်သူ့စစ်မှုထမ်းဥပ‌ဒေအရ စစ်မှုထမ်းတွေ ဆင့်ခေါ်တဲ့နေရာမှာ အမျိုးသမီးတွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် ပလက်ဖောင်းတွေမှာ ပြောဆိုလာပါတယ်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် နိုင်ဖို့ အကျုံးဝင်နိုင်တဲ့ လူအင်အား ၁၃ သန်းရှိတယ်လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာ တွေမှာ ဖော်ပြပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းထဲမှာ အမျိုးသားဦးရေ ၆ သန်းကျော်ရှိပြီး အဲဒီထဲက ၁ ရာ ခိုင်နှုန်း ၆ သောင်းနီးပါးလောက်သာ ခေါ်ယူနိုင်မှာဖြစ်ပြီး အလှည့်ကျဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်း ထွန်းက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးရင်လည်း ဦးစားပေးအလိုက် ဝန်ထမ်းခန့်အပ်တာ တွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေလည်း ရှိလာမယ်လို့ ပြောဆိုထားတာပါ။

စစ်အာဏာရှင်ဟောင်း ဦးသန်း‌ရွှေလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အရေးမလှဖြစ်လာ နေတဲ့ စစ်ကောင်စီက ၁၄ နှစ်အကြာမှာ ရုတ်ချည်းအသက်သွင်းလိုက်တဲ့အတွက် လူငယ်လူရွယ်တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

အဲဒီဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ နီးစပ်ရာ ပြည်ပနိုင်ငံတွေမှာ တရားဝင်ဖြစ်စေ တရားမဝင်နည်းလမ်းနဲ့ ဖြစ်စေ သွားရောက်ကြဖို့ ပြင်ဆင်နေသူတွေရှိသလို နယ်စပ်ဖြတ်ကျော် ပြည်ပထွက်ခွာမှုတွေကလည်း မြင့်တက် လာနေတာ ဖြစ်ပါတယ်။

အကျုံးဝင်အသက်မှာ ပါဝင်နေတဲ့ အမျိုးသမီးတစ်ဦးကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပါ် အမျိုးသမီး တွေကို လောလောဆယ်မှာ မခေါ်ယူသေးပေမယ့် အယုံအကြည်မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်အာဏာသိမ်းပြီးကတည်းက ဒီအတောအတွင်းမှာ သူတို့ဟာ သူတို့လုပ်ချင်ရာ လုပ်နေတာပဲလေ။ ဥပဒေက ဒီလိုထုတ်ပြန်လိုက်တယ်ဆိုပေမယ့် သူတို့ဟာသူတို့ ခေါ်ချင်တဲ့အချိန် အသက်မပြည့်သေးတဲ့သူကို လာခေါ်ချင်ခေါ်မှာပဲ။ သူတို့လိုရင် မိန်းကလေးဆိုလည်း ဆွဲရင်ဆွဲသွားမှာပဲ။ အဲဒီကြောင့် ကိုယ့်အနေနဲ့ ညဘက် တွေလည်း မလုံခြုံတော့ဘူး။ အပြင်သွားရင် နေ့ခင်းဘက်တောင် သတိထားနေရတဲ့ အခြေအနေမျိုး ရောက်နေ ရတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် သူ့အနေနဲ့ ပြည်ပနိုင်ငံတစ်ခုမှာ ကျောင်းတက်ရင်းအလုပ်လုပ်ဖို့ ကြိုးပမ်းနေသူဖြစ်တဲ့အတွက် ရည်မှန်းထားတဲ့ အစီအစဉ်အတိုင်းဖြစ်မလာရင် ဒီနိုင်ငံကနေ ထွက်သွားနိုင်မယ့် အခြားသောအစီအစဉ်တွေကိုလည်း လျာထားတဲ့အကြောင်း ပြောပြပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေမှာတော့ သာမန်အရပ်သား အမျိုးသားဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အတွင်း နိုင်ငံသားတိုင်း ၂ နှစ်ကနေ အရေးပေါ်အခြေအနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာပါ။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်နဲ့ အသက် မွေးနေသူ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်နဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းဖို့ အကျုံးဝင်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်းရင်တော့ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ တင်းကျပ်စွာ ပြဌာန်းထားတာပါ။

နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က တပ်အင်အားရေသောက်မြစ်တွေ ကျဆင်းနေတဲ့အပြင် အလံဖြူထောင်ပြီး ထွက်ပြေးတာတွေ များနေတဲ့အတွက် အင်အားဖြည့်ဆည်းရေးမှာ အမျိုးသားတွေကို များ များခေါ်ဖို့ အဓိကဖြစ်တဲ့အတွက် အမျိုးသမီးတွေကို နောက်‌ရွှေ့တာလို့ သုံးသပ်ပါတယ်။
“စစ်အင်အားဖြည့်တင်းရေး ရည်ရွယ်ချက်အတွက်ဆိုရင် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ အရေးမကြီးပါ ဘူး။ အမျိုးသားတွေများများခေါ်ပြီး စစ်တပ်ထဲ သွတ်သွင်းနိုင်ဖို့ဟာ သူ့ရဲ့ (စကစ) ရည်ရွယ်ချက်နဲ့ အဓိက လုပ် ငန်းဖြစ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေကို ကျွန်တော်တို့ စစ်တပ်ထဲ ဆွဲသွင်းဖို့ကိစ္စ နောက်‌ရွှေ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနောက်ရွှေ့ထားမှုဟာ နောင်ဘယ်တော့မှ ပြန်မလာတာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ် လို့လဲဆို အခုသူ့ရဲ့ စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းလိုက်ချိန်ဟာ စစ်တပ်လိုအပ်နေတဲ့ အရေအတွက်တွေကို ဖြည့်ဆည်းနိုင်မှု မလုပ်နိုင်တဲ့အပြင် ပိုပြီးစစ်တပ်ရဲ့ အရည်အသွေးကျဆင်းလာမှာ ဖြစ်တဲ့အတွက် အမျိုးသမီး တွေ စစ်မှုထမ်းနိုင်တဲ့ ခေါ်ယူလေ့ကျင့်နိုင်တဲ့ အနေအထားတစ်ရပ်ကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လုပ်နိုင်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူးဗျာ”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အဲဒီဥပဒေကို အကောင်အထည်ဖော်မယ့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းထားသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်မှာလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP – Myanmar ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှုလမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.