ဘရပ်ဆဲလ်၊ ဖေဖော်ဝါရီ ၂၃

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားကိုကူညီပေးနေတဲ့ တရုတ်ကုမ္ပဏီတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်စီကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေက သဘောတူလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီသေဆုံးပြီးနောက် ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၂ နှစ်ပြည့်မယ့် အချိန်နဲ့ တိုက်ဆိုင်နေတာပါ။

အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ အီယူရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘယ်လ်ဂျီယံကလည်း ဒီအရေးယူပိတ်ဆို့မှုအစီအစဉ်ဟာ အီးယူက သဘောတူထားတဲ့ အကျယ်ပြန့်ဆုံးအစီအစဉ် တစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။

လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့ ကုမ္ပဏီ ၂၀၀ နီးပါးကို ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အီးယူသံတမန်အားလုံးက သဘောတူညီခဲ့ကြတယ်လို့ သံတမန်တွေက ပြောပါတယ်။

ရုရှားကိုအကူအညီပေးနေတယ်လို့ ယုံကြည်ရတဲ့ တရုတ်ကုမ္ပဏီတွေလည်း အရေးယူပိတ်ဆို့မှုမှာ ပါဝင်နေတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တွေက ဆိုထားသလို အီယူရဲ့ ဥပဒေရေးရာ ဂျာနယ်မှာ ဖော်ပြပြီးနောက် လုပ်ငန်းတွေရဲ့ အသေးစိတ်အချက်အလက်တွေထွက်ပေါ်လာမှာပါ။

ရုရှားသမ္မတ ပူတင်က ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ပြီးနောက်ပိုင်း အီးယူက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။

အရင်ပိတ်ဆို့မှုတွေမှာတော့ စွမ်းအင်ကဏ္ဍ၊ဘဏ်လုပ်ငန်း၊ကမ္ဘာ့အကြီးဆုံး စိန်တူးဖော်ရေး လုပ်ငန်းတွေနဲ့ ဈေးကွက်တွေပါဝင်ပြီး ရုရှားအရာရှိတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာနဲ့ ခရီးသွားလာခွင့်တားမြစ်တာတွေ ပါဝင်တယ်လို့ သိရပါတယ်။

အရေးယူပိတ်ဆို့မှု အသစ်တွေမှာတော့ ရုရှားစစ်တပ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေနဲ့ ကုန်သွယ်ခွင့်ကို တားမြစ်ဖို့ရှိတယ်လို့ သံတမန်တွေက အသိပေးထားပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.