မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၂

ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူငယ်တွေအနေနဲ့ အမျိုးသားရေးတာဝန်တွေ လာရောက်ထမ်းဆောင်ကြဖို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့ရဲ့ ဖိတ်ခေါ်မှုအပေါ် ထောက်ခံကြို ဆိုတယ်လို့ မွန်လူငယ်တွေက ပြောပါတယ်။

မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) AD အဖွဲ့က မွန်လူငယ်တွေအနေနဲ့ စစ်သင်တန်းတက်ရောက်ထားကြတဲ့ ရဲဘော်တွေ ပူးပေါင်းပြီး အမျိုးသားရေး တာဝန်ထမ်းဆောင်ကြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တိုက်တွန်းနှိုးဆော်လိုက်တာပါ။

မွန်ပြည်သစ်ပါတီ AD ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ စစ်ကြေညာထားတာပါ။

ဒါကြောင့် အခုလိုအရေးကြီးတဲ့ ကာလမှာ မွန်လူထုတစ်ရပ်လုံး ကြောက်စိတ်ကို ဖယ်၊ သခင်စိတ်ကို သွန်းလောင်း၊ စိတ်ဓာတ်ကို ခိုင်မာအောင်ပြင်ဆင်ပြီး ရည်မှန်းထားတဲ့အတိုင်း အမိပြည် ပြန်လည်တည်ထောင်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ကြဖို့ မွန်ပြည်သစ် AD က တိုက်တွန်းပါတယ်။

မွန်လူငယ်တစ်ဦးကတော့ မွန်ပြည်သစ်ပါတီ AD ရဲ့ ဖိတ်ခေါ်မှုအပေါ် အားရဝမ်းသာကြိုဆိုသလို လက်ရှိကာလဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ရွေးချယ်စရာမရှိတော့တဲ့အတွက် မွန်လူ ငယ်တွေအနေနဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ပါဝင်သင့်တယ်လို့ ပြောပါတယ်။

“ကျွန်တော်အနေနဲ့ အားရဝမ်းသာတယ်၊ ကြိုလည်းကြိုဆိုတယ်။ ဒီအခြေအနေမှာ ကျွန်တော်တို့ လူ ငယ်တွေအတွက် ရွေးချယ်စရာ လမ်းဆိုတာ မရှိတော့ဘူးဗျ။ ဒီတော်လှန်ရေး အားသန်ရာပေါ့နော်။ ကိုယ့်နဲ့ နီးစပ်တဲ့တော်လှန်ရေး အဖွဲ့အစည်းကို ဆက်သွယ်ပြီးတော့ ပြန်တော်လှန်ဖို့ပဲ အဲဒီလိုယုံ ကြည်ထားတာ။ တခြားနိုင်ငံခြားသွားလည်း အဆင်မပြေဘူး။ ဒီမှာ ဆက်လုပ်ဖို့ကလည်း စစ်ကောင် စီထုတ်ပြန်ထားတဲ့ ဒီစစ်မှုထမ်း ဥပဒေထဲမှာ အဆင်မပြေဘူးဗျ။ ရွေးချယ်ရမှာတစ်ခုက ဘာပဲဖြစ် ဖြစ် ဘယ်အဖွဲ့အစည်းဖြစ်ဖြစ် မွန်ပြည်သစ်တစ်ခုထဲ မဟုတ်ဘဲနဲ့ တခြားအဖွဲ့မှာလည်း ကျွန်တော်တို့ တာဝန်ထမ်းဆောင်ဖို့ပဲ”လို့ ဆိုပါတယ်။

မွန်ပြည်သစ် AD က ရဲ‌ဘော်သစ်တွေကို လက်ခံရာမှာ လူမျိုးဘာသာ၊ ကျားမ မရွေး အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ကျန်းမာရေးကောင်းမွန်သူတွေ တော်လှန်ရေးသမားတစ်ယောက်အဖြစ် ခံယူချက်ရှိသူတွေ၊ ရာဇဝတ်မှုကျူးလွန်သူမဖြစ်ရဘူးလို့ စည်းမျဉ်းထုတ်ပြန်ထားပါတယ်။

တာဝန်ထမ်းဆောင်လိုသူတွေအနေနဲ့ ပါတီတာဝန်ရှိသူတွေ တပ်တာဝန်ရှိသူအဆင့်ဆင့်နဲ့ သိကျွမ်းတဲ့ နီးစပ်သူတွေကို ဆက်သွယ်တာ၊ အဆက်အသွယ် မရှိသူတွေအနေနဲ့ တယ်လီဂရမ်နံပါတ်တွေကတဆင့် မွန်ပြည်သစ် AD ထံ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF တာဝန်ခံ နိုင်ပညာမာန်ကလည်း မွန်ပြည်သစ်ပါတီ AD ရဲ့ ဖိတ်ခေါ်မှုဟာ လက်ရှိအခြေအနေအရ သဘာဝကျသလို လူငယ်တွေအနေနဲ့လည်း ဘယ်တော်လှန် ရေးအဖွဲ့အစည်းမဆို ဝင်ရောက်တာဝန်ထမ်းသင့်တယ်လို့ ပြောပါတယ်။

“မွန်ပြည်သစ်ပါတီ AD အနေနဲ့ပေါ့လေ လက်ရှိတော်လှန်ရေးခရီးကြမ်းမှာ လူအင်အားပိုမိုဖြည့် တင်းဖို့အတွက် ဒီလိုမျိုးလူငယ်တွေကို ဖိတ်ခေါ်တာကတော့ သဘာဝကျပါတယ်။ ဒီအချိန်မှာပေါ့လေ။ အဖွဲ့အစည်းအတော် များများကလည်း ဒီလိုဖိတ်ခေါ်မှုတွေပြုလုပ်နေတာ တွေ့နေရပါတယ်။ လူငယ်တွေနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင်တော့ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပါ။ တော်လှန် ရေးကိုရှေးရှုပြီးတော့ တော်လှန်ရေးမှာ ပါဝင်သင့်ပါတယ်။ တော်လှန်ရေးဆင်နွှဲနေတဲ့ မည်သည့်အဖွဲ့အစည်းမဆိုပူးပေါင်းပြီးတော့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို ကြိုးပမ်းသင့်ပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်သစ် AD ကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်ကျဆုံးရေး အမြန်ဆုံးအောင်မြင်မှုရနိုင်ဖို့ စွမ်းပကားအင်အားရှိသလောက် စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာတဲ့ လူငယ်တွေအနေနဲ့ တော်လှန်ရေးတပ်တွေမှာ တာဝန်ထမ်းဆောင်နိုင်သလို လုံခြုံရေးတာဝန်ယူပေးမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.