ကြာအင်းဆိပ်ကြီး ၊ ဖေဖော်ဝါရီ ၂၂

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအ စည်းအရုံး KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်မှာ စစ်ကောင်စီရဲ့ သံဖြူဇရပ်အခြေစိုက် အမှတ် (၃၁၅) အမြောက်တပ်ကနေ လွတ်ရှမ်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွတ်ရှမ်းကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ နော်ကော့ကော်ဟာ ဦးခေါင်း ဗုံးကျည်ထိမှန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ စံပြကျေးရွာထဲ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ နော်ဆာ့ဘေးရဲ့ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲပြီး နော်ဆာ့ဘေးဟာ ဆီးခုံဗုံးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ လွတ်ရှမ်းကျေးရွာနဲ့ စံပြကျေးရွာတို့ဟာ KNU ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ထိန်းချုပ်နယ်မြေက ကျေးရွာတွေဖြစ်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း KNU လယ်ဒိုမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၅၀၀ နီးပါး သေဆုံးထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.