ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၃

အဆိုပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မလုပ်ဘဲ သပိတ်မှောက်တဲ့ တောင်ကိုရီးယား လေ့ကျင့်ရေးဆရာဝန်အရေအတွက် ပိုများလာတာကြောင့် ခွဲမွေးမယ့် ကိုယ်ဝန်ဆောင်တွေနဲ့ ကင်ဆရာရောဂါကုသရေး အစီအစဉ်တွေကို ရွှေ့ဆိုင်းနေရတယ်လို့ သိရပါတယ်။

လေ့ကျင့်ရေးလုပ်သားအင်အားရဲ့ ၇၁ ရာခိုင်နှုန်းဖြစ်တဲ့ အငယ်တန်း ဆရာဝန် ၈၈၀၀ ကျော် အလုပ်ထွက်သွားကြပြီလို့ ဆိုးလ်မြို့ရဲ့ လက်ထောက် ကျန်းမာရေးဝန်ကြီး ပက်ဆင်ဆူးက ဆိုပါတယ်။

ဆေးကျောင်းတက်ရောက်ခွင့် သိသိသာသာ တိုးမြှင့်မယ့် အစိုးရအစီအစဉ်တွေကို တောင်ကိုရီးယား ဆေးပညာလောကမှာ ကန့်ကွက်မှုတွေများလာပေမယ့် ဆရာဝန်အရေအတွက် လျော့နည်းပြီး အသက်ကြီးသူအရေအတွက် ပိုများလာတာကြောင့် ပြုပြင်ပြောင်းလဲမှုတွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ အစိုးရက တုံ့ပြန်ထားပါတယ်။

ဆရာဝန်တွေကတော့ အဲဒီလို အပြောင်းအလဲတွေလုပ်ပါက ဝန်ဆောင်မှုပေးတဲ့ အပိုင်း ထိခိုက်မှာ ဖြစ်သလို ပညာရေးအရည်အသွေးကိုလည်း ထိခိုက်စေနိုင်တယ်လို့ ဆိုထားတာပါ။
ဒါပေမယ့် အစိုးရရဲ့ အစီအစဉ်ကိုတော့ ဆေးဝါးကုသခွင့်နည်းပါးတဲ့ ကျေးလက်နေ လူထုတွေက ထောက်ခံနေကြပါတယ်။

ဆရာဝန်တွေဟာ ဒီပြုပြင်ပြောင်းလဲမှုတွေကြောင့် သူတို့ရဲ့ လုပ်ခလစာတွေထိခိုက်မှာအပြင် ဂုဏ်သိက္ခာ လျှော့နည်းမှာကို စိုးရိမ်နေကြတာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

အစိုးရကတော့ ဆရာဝန်တွေကို ဆေးရုံတွေမှာ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပေမယ့် သပိတ်မှောက်တဲ့ ဆရာဝန်အရေအတွက် ပိုမိုများပြားလာတယ်လို့ ကျန်းမာဝန်ကြီးက ဝန်ခံထားပါတယ်။

တောင်ကိုရီးယား အထွေထွေဆေးရုံတွေဟာ အရေးပေါ်ခွဲစိတ်မှုတွေအတွက် လေ့ကျင့်ရေး ဆရာဝန်တွေအပေါ်ကို မှီခိုနေရတာပါ။

လက်ရှိမှာတော့ သပိတ်မှောက်တဲ့ဆရာဝန်အရေအတွက် ပိုများလာတာကြောင့် ကလေးခွဲမွေးမယ့် အမျိုးသမီးတွေနဲ့ ကင်ဆာရောဂါသည်တွေကို ရက်သတ်မှတ်ချက်မရှိဘဲ ရွှေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.