ဘားအံ၊ ဖေဖော်ဝါရီ ၂၂

ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပေါင်းစည်းပြီး စည်းစည်းလုံးလုံး စုစုဝေးဝေးနဲ့ လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ပြည် သူလူထုထံ သတင်းအမှာစကားပြောကြားရာမှာ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကနေ ထုတ်ပယ်ခံထားရတဲ့အဖွဲ့အစည်းဖြစ်စေ၊ ခွဲထွက်သွားတဲ့ အဖွဲ့အစည်းတွေဖြစ်စေ ကွဲပြားနေတဲ့ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပြန်လည်ပေါင်း စည်းရေးဟာ KNU ရဲ့ စိတ်သဘောထားဆန္ဒ အစီအစဉ်တစ်ခုဖြစ်တယ်လို့လည်း ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဦးစီးဦးဆောင်တာဝန်ယူမှုအောက်မှာ လုပ်ဖော်ကိုင် ဖက်တချို့ အမျိုးသားရေးအတွက် လုပ်ဆောင်ရာမှာ စိတ်နေသဘောထားတွေ ကွဲလွဲမှုများရှိခဲ့ပြီး ဒီလိုသဘောထားတွေ ကွဲလွဲရတာဟာ ရန်သူ(စစ်အုပ်စု)က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ KNU ရဲ့ လုပ်ဆောင်မှုအောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ DKBA ၊ KNU/KNLA PC၊ နယ်ခြားစောင့်တပ် BGF အဖွဲ့အစည်းတွေရှိကြပြီး ဒီကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုပင်ကွဲပြားနေပေမယ့် အားလုံးနားလည်မှုက ကရင်တမျိုးသားလုံး မျှော် လင့်တောင့်တနေတဲ့ ကရင်ပြည်(ကော်သူးလေပြည်) ရရှိဖို့ ဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ကရင့်လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပေါင်းစည်းပြီး တစ်ခုတည်းသော အဖွဲ့အ စည်းရဲ့ ဦးဆောင်မှုအောက်မှာ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ပါက အောင်မြင်မှုရရှိမှာမဟုတ်ဘူးလို့ KNU ဥက္ကဌက သတိပေးတာပါ။

ကော်သူးလေ ဖက်ဒရယ်ယူနစ်ဖြစ်ပေါ်လာဖို့အတွက် ကရင်အဖွဲ့အစည်းတွေအပြင် ကရင်အမျိုး သားထုတရပ်လုံး လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ ၇၆ နှစ်မြောက် ကရင့်အမျိုး သားနေ့မှာ KNU က တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.