မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ အသက်သက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မျိုး ဆက်သစ်လူငယ်တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံး နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တိုက်ဖျက်သွားကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းလိုက်ပါတယ်။

စစ်မှုထမ်းဥပဒေပြဌာန်းမှုအပေါ် KNU က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ သဘေထားထုတ်ပြန်ခဲ့ပြီး ဥပ ဒေအကောင်အထည်ဖော်မှုကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကျိုး ဆက်တွေကို စစ်ကောင်စီနဲ့ အလိုတူအလိုပါ လုပ်ဆောင်သူတွေအားလုံး တာဝန်ယူတာဝန်ခံရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေဟာ တနိုင်ငံလုံးကို စစ်နွံထဲနက်နက်ရှိုင်းရှိုင်း ကျရောက်စေဖို့ လုပ်ဆောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်အာဏာရှင်သက်ဆိုးစေရှည်တဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဆန့်ကျင်ကန့်ကွက်တယ်လို့ KNU ရဲ့ သဘောထား ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မျိုးဆက်သစ်လူငယ်တွေနဲ့ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးကလည်း စစ်ကောင်စီရဲ့ မတရားထုတ်ပြန်ထားတဲ့ ဥပဒေအကောင်အထည်ဖော်မှုလုပ်ငန်းမှာ နိုင်ငံရေးအံတုမှုနဲ့ ဆန့်ကျင်တာ၊ တော် လှန်ရေးအဖွဲ့ အစည်းတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်တာ၊ အချင်းချင်းအကာအကွယ်ပေးတဲ့လုပ် ငန်းတွေအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်တဲ့ ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ကြဖို့ KNU က တိုက်တွန်းထားပါတယ်။

ဒီလိုတရားမဝင်တဲ့ ဥပဒေတွေနဲ့ စစ်ကောင်စီက လူငယ်မျိုးဆက်နဲ့ လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုကို အတင်းအကျပ် တပ်သားသစ်စုဆောင်ပြီး စစ်ပွဲနွံထဲကို ဆွဲသွင်းတာကို ပြည်သူလူထုအနေနဲ့ လိုက်နာဖို့မလိုအပ်သလို KNU အနေနဲ့လည်း သက်ဆိုင်ရာကဏ္ဍတွေကနေ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

KNU ပြောခွင့်ရသူတစ်ဦးဖြစ်တဲ့ ပဒိုစောကလယ်စေးကတော့ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်တာဟာ ကြီးမားတဲ့အမှားတစ်ရပ်ဖြစ်ပြီး စစ်မှုထမ်းဥပဒေကြောင့် KNU တော်လှန် ရေးတပ်ဖွဲ့တွေမှာ အင်အားတွေ ပိုမိုများပြားလာနိုင်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီရဲ့ လက်ရှိအခြေအနေကတော့ နိုင်ငံရေးအရသော်လည်းကောင်း စစ်ရေးအရသော် လည်းကောင်း ကျရှုံးနေတဲ့အချိန်လည်းဖြစ်တယ်။ အဆိုးဆုံးကတော့ စစ်ရေးအရက လုံးဝကို တော် တော်လေးအခြေအနေဆိုးနေတဲ့ ကျရှုံးမှုအနေအထားကို သူရောက်ရှိနေတဲ့အပေါ်မှာ ဒီစစ်မှုထမ်းဥ ပဒေကို သူထုတ်ပြန်ရတာဖြစ်တယ်။ ဒါက သူ့ရဲ့မဟာအမှားလို့ပဲ ကျွန်တော်တို့ဒီလိုပဲ သုံးသပ်မိတယ်ခင်ဗျ။ ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာတိုင်း အာဏာရှင်တွေရဲ့ မတော် မတရားပြုမှုတွေ ဖြစ်ပေါ်လာတိုင်းပေါ့နော်။ ကျွန်တော်တို့ရဲ့ နယ်မြေထဲမှာ ကျွန်တော်တို့ဘက်ကို လာပြီးတော့ ပါဝင်လာတဲ့အင်အားစုတွေလည်း ရှိနေခဲ့တယ်ဆိုတဲ့အပေါ်မှာ အခုချိန်မှာလည်းပဲ ကျွန် တော်တို့အင်အားတွေ များလာနိုင်တယ်ဆိုတာ တိုးလာနိုင်တယ်ဆိုတာတော့ သေချာပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားမှသာ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ် သွေးခွဲသတ်ဖြတ်နေမှုတွေနဲ့ နိုင်ငံကို စစ်တလင်းပြင်အဖြစ် ဖန်တီးနေမှုတွေကို ချုပ်ငြိမ်းစေမှာဖြစ်တယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးကလည်း စစ်မှုထမ်းဥပ ဒေကြောင့် လူငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုအပေါ် အများကြီးခြိမ်းခြောက်မှုဖြစ်စေပြီး နိုင်ငံအတွင်း လုံခြုံရေးနဲ့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွာဖြစ်ပေါ်စေနိုင်တယ်လို့ ပြောပါတယ်။

“ဒီနိုင်ငံအတွင်းမှာရှိတဲ့ လုံခြုံရေးအခြေအနေကတော့ လုံးဝကိုဆိုးရွားသွားနိုင်တယ်။ ဒီဥပေဒကို အ ကောင်အထည်စဖော်နေတဲ့ အချိန်မှာဆိုလို့ရှိရင်တော့ အတင်းအဓမ္မဖမ်းဆီးခံရမှုတွေ တိုးပွားဖြစ်သွားမှာဖြစ်သလိုမျိုးပဲ အတင်းအဓမ္မစစ်မှုထမ်းဆောင်စေမှုတွေလည်း ဖြစ်ပွားလာမယ်ပေါ့နော်။ အ တင်းအဓမ္မစစ်မှုထမ်းခံရတဲ့ ပြည်သူလူထုတွေ လူငယ်လူရွယ်တွေဆိုလို့ရှိရင်လည်း ရှေ့တန်းမှာလည်းပဲ အပို့ခံရမှာဖြစ်သလိုမျိုး အပို့ခံရတဲ့အချိန်မှာလည်းပဲ စစ်ကောင်စီရဲ့အမိန့်ညွှန်ကြားမှုအောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ဖို့ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့အတွက် ခိုင်းစေခံရမှာဖြစ်တယ်ဆိုတာတော့ အသေအချာပြောလို့ရတယ်ပေါ့နော်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ကရင်ပြည်နယ်အတွင်းက လူငယ်လူရွယ်ထုတွေဟာ စစ် တပ်ထံမှာ စစ်မှုမထမ်းလိုကြတဲ့အတွက် ထိုင်းအပါအဝင် တခြားပြည်ပနိုင်ငံတွေဘက်ကို တိမ်း ရှောင်တာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေပါတယ်။

အရွယ်ရောက်ပြီးသာ လူငယ်လူရွယ်တိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက လာမယ့်သင်္ကြန်အပြီးမှာ အပတ်စဉ်(၁) စတင်ခေါ်ယူမှာဖြစ်ပြီး တစ်နှစ်လျှင် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်မယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရတာဟာ နိုင်ငံတော်အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုအကျိုးအတွက် ဖြစ်တယ်လို့ ဝါဒဖြန့်မီဒီယာတွေကတဆင့် ပြောကြားထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.