မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်မှာ ကျောင်းမနေခဲ့ရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ စာမတက်သူ ပပျောက်ရေး “အ” သုံးလုံး စီမံချက်နဲ့ စာပေသင်ကြားနိုင်ဖို့ဆိုပြီး တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို အတင်း အကျပ် စာရင်းကောက်ယူနေတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

စာမတတ်သူ ပပျောက်ရေး “အ”သုံးလုံး စီမံချက်တွေကို လာမယ့်တက္ကသိုလ်ကျောင်းပိတ်ရက်အ တွင်း လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးက ညွှန်ကြားလာတာကြောင့် အခုလိုစာရင်းကောက်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို စာရင်းကောက်ယူဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်က သက်ဆိုင်ရာမေဂျာတွေရှိ ပါမောက္ခတွေနဲ့ တွေဆုံပြီးနောက် စာရင်းကောက်ယူ ခိုင်းနေတာပါ။

လက်ရှိမှာလည်း တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ “အ”သုံးလုံးကို စိတ်ဝင်စားစေဖို့ဆိုပြီး မေဂျာအလိုက် “အ”သုံးလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ ပြသတာ၊ “အ”သုံးလုံး လိုက်ပါသူတွေအနေနဲ့ နေထိုင်စားသောက်ရေးအပြင် ငွေကြေးထောက်ပံ့ပေးမယ်ဆိုပြီး စည်းရုံးတာတွေ ရှိနေပါတယ်။

CDM တက္ကသိုလ်ဆရာတစ်ဦးကတော့ “အ”သုံးလုံးသွားတဲ့ ကလေးအများစုဟာ အပျော်သဘောအနေနဲ့ သွားကြတာများပြီး လက်ရှိအခြေအနေမှာတော့ သွားလာဖို့ မဖြစ်နိုင်သလို အတင်းအကျပ် စီစဉ်ပါကလည်း သွားလာလို့ အဆင်ပြေတဲ့ မြို့တွေလောက်သာ အယောင်ပြလွတ်မှာ ဖြစ်တဲ့အ တွက် အကျိုးမရှိနိုင်ဘူးလို့ ပြောပါတယ်။

“ခေတ်ကောင်းတုန်းကတောင်မှ ကလေးတွေဟာ အပျော်ဆန်ပါတယ်။ ကလေးတွေက ပျော်ချင်လို့ သွားကြတာ များပါတယ်နော်။ ဟိုရောက်တော့လည်း လုပ်ပေးရတာ အသင်ခံရတဲ့ လူလည်းမသင်ချင်ပါဘူး။ ဒါပေမယ့် ကိုယ့်ဆီကိုလာပြီး သင်ပေးပါတယ်။ တကူးတကဆိုတော့ ဟိုကလူတွေက ဧည့်ခံတဲ့သဘောမျိုးပဲ သင်နေကြတာ။ အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတို့အတွက် အကျိုးမရှိဘူး။ အလုပ်တောင် ပိုရှုပ်သေးတယ်။ ကုန်လည်း ကုန်သေးတယ်။ ဒါပေမယ့် အခုလိုအချိန်အခါမျိုးမှာ သွားဖို့လာဖို့ကကြတော့ ပိုတောင်ဆိုးသွားပြီးနော်။ အသက်အန္တရာယ်တွေပါ ရှိနိုင်တယ်။ သွားလို့လာလို့ အဆင်ပြေတဲ့မြို့တွေ အယောင်ပြလွတ်မှာပေါ့၊ ဆိုတော့ ဘာအကျိုးရှိဖို့၊ သွားတဲ့သူအတွက်လည်း အကျိုးမရှိ၊ ဟိုမှာရှိတဲ့သူအတွက်လည်း အကျိုးမရှိဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်က ကျေးလက်ဒေသတွေမှာ “အ”သုံးလုံး သင်ကြားပေးတာ ရှိခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ စိတ်ဝင်စားမှုနည်းသလို သင်ယူတတ်မြောက်မှုတွေမှာလည်း သိသိသာသာ အောင်မြင်မှုမရှိခဲ့တာကြောင့် လက်ရှိအခြေအနေမှာ ပိုဆိုးလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ အခုလို အင်တာနက်ခေတ်ကြီးမှာ “အ”သုံးလုံး ပြန်သင်ခိုင်းဖို့ လုပ်ဆောင်တာဟာ ခေတ်နောက်ပြန်ဆွဲတာ ဖြစ်သလို စစ်ကောင်စီအနေနဲ့ အဖက်ဖက်မှာ ရှုံးနိမ့်နေတာကြောင့် “အ”သုံးလုံးကို အယောင်ပြ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“အင်တာနက် ခေတ်ကြီးထဲမှာ “အ”သုံးလုံးကိုပြန်ပြီး သူတို့ ခေတ်နောက် ပြန်ဆွဲတာပေါ့နော်။ခေတ်နောက် ပြန်ဆွဲပြီးတော့ တိုင်းပြည်အပေါ်မှာ စေတနာ မထားဘဲနဲ့ပေါ့လေ။ တကယ်ခေတ်ရှေ့ သွားရမယ့် နေရာမှာ ခေတ်နောက် ပြန်ဆွဲနေတာကြတော့လုပ်နေတာက အောင်မြင်မယ်လို့ မထင်ပါဘူး။ ဘယ်လိုပြောမလဲ တိုင်းပြည်အပေါ်မှာ စေတနာမရှိဘဲနဲ့ပေါ့နော်။ တိုင်းပြည်အပေါ်မှာ စေတနာမရှိလို့တောင်မှ သူတို့လုပ်ချင်ရာတွေလုပ်တယ်။ နောက်တော့ အိမ်တွေမီးရှို့သတ်ဖြတ် အဲဒီလိုမျိုး လုပ်နေတဲ့ဟာက “အ”သုံးလုံး ဆိုပြီး အယောင်ပြပဲလေ၊ အဘက်ဘက်ကနေ ရှုံးနိမ့်နေတာ ဖြစ်တဲ့အ တွက် ဒါအလုပ်တစ်ခု လုပ်ပြပြီးတော့ ဖော်ရှိုးအနေနဲ့ လုပ်တယ်လို့တော့ မြင်ပါတယ်”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ခေါင်ဆောင်က ဆင်းရဲမွဲတေမှု လျော့ချပြီး လူမှုစီးပွားဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ စာတတ်ဖို့လိုသလို ဆင်းရဲမွဲတေမှု လျော့ချနိုင်ဖို့ အခြေခံအားဖြင့် ပညာရည် မြင့်မားနေရန် လိုအပ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဩဂုတ် ၃၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

အရင်က တစ်နိုင်ငံလုံး စာမတက်မြောက်သူ ပပျောက်ရေးအတွက် “အ”သုံးလုံး သင်တန်းတွေ ဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့တဲ့အတွက် အခုအခါမှာလည်း ကျေးလက်နဲ့ အစွန်အဖျား ဒေသတွေက ပြည်သူတွေကို စာတတ်မြောက်အောင် ဆောင်ရွက်ပေးဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားထားပါတယ်။

စစ်ကောင်စီက “အ”သုံးလုံး သင်ကြားဖို့ လုပ်ဆောင်နေပေမယ့် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာ လူငယ်အနည်းဆုံး ၈ သန်းကနေ ၁၀ သန်းထက်မနည်း ပညာသင်ယူခွင့်ဆုံးရှုံးခဲ့ရတယ်လို့ သု တေသနအဖွဲ့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံတကာပညာရေး စောင့်ကြည့်ရေး အဖွဲ့ GCPEA ကလည်း မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာတဝန်းရှိ ပညာရေးတိုက်ခိုက်ခံရတဲ့ ထိပ်ဆုံး နိုင်ငံစာရင်းထဲ ပါဝင်လာတယ်လို့ အ စီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.