မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဈေးဆိုင်တွေအနေနဲ့ ညပိုင်းစော စောပိတ်ရင် အရေးယူသွားမယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကနေ ခေါ်ယူခြိမ်းခြောက်လာပါတယ်။

ဈေးဆိုင်ပိုင်ရှင်တွေကို ဖေဖော်ဝါရီတတိယပတ်အတွင်း စစ်ကောင်စီရဲ့ သက်ဆိုင်ရာမြို့နယ်ထွေအုပ်အဖွဲ့တွေက ခေါ်ယူတွေ့ဆုံပြီးနောက် ဆိုင်တွေကို ညပိုင်းအစောကြီး မပိတ်ကြဖို့နဲ့ ပိတ်တဲ့သူတွေကို PDF အားပေးသူတွေအဖြစ် သတ်မှတ်မယ်လို့ ခြိမ်းခြောက်လာတာပါ။

ညပိုင်းအချိန်တွေမှာ စည်းကားဖို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ ဈေးဆိုင်တွေအနေနဲ့ ည ၈ နာရီအထိ မဖြစ်မနေဖွင့်လှစ်ဖို့ ပြောဆိုလာတာ ဖြစ်တယ်လို့ ဈေး ဆိုင်ပိုင်ရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဈေးဆိုင်ပိုင်ရှင်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် ညပိုင်းတွေမှာ အပြင်ထွက်သွားလာသူ နည်းပါးလာတာ၊ ဈေးဝယ်မယ့်သူမရှိတာ၊ ခေတ်ကာလမကောင်းတဲ့အတွက် ဘယ်သူမှ ညနက်တဲ့အထိ ဆိုင်ဖွင့်မရဲကြဘူးလို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ညပိုင်းပေါ်တာဆွဲတာ၊ စစ်မှုထမ်းဖို့ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေဟာ ည ၇ နာရီနောက်ပိုင်း လမ်းပေါ်ထွက်သွားလာမှု မရှိသလောက် နည်းပါးလာတာပါ။

ဒါပေမယ့် စစ်ကောင်စီ အုပ်ချုုပ်ရေးအဖွဲ့တွေက ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ပြည်သူတွေကို အ တင်းအကျပ် စစ်မှုထမ်းခိုင်းဖို့ မဟုတ်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမလွန်ကြဖို့ သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ လိုက်လံကြေညာလာတာတွေ ရှိနေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေဟာ မွန်ပြည်နယ်အတွင်း စည်းကားသိုက်မြိုက်နေကြောင်း ပြသဖို့အတွက် ပွဲလမ်းသဘင်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပနိုင်ကြောင်း ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ ညမထွက်ရအမိန့်ကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့ နယ်မြေလုံခြုံရေးအပေါ် မူတည်ပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.