ရေးချောင်းဖျား၊ ဖေ‌ဖော်ဝါရီ ၂၁

ကိုယ်ကာယကျန်းမာတဲ့ ပြည်တွင်းပြည်ပရှိ မွန်လူငယ်တွေနဲ့ စစ်သင်တန်းတက်ရောက်ထားကြတဲ့ ရဲဘော်တွေပူးပေါင်းပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး မွန်ပြည်သစ်ပါတီ AD အဖွဲ့နဲ့အတူတကွ အ မျိုးသားရေးတာဝန် ထမ်းဆောင်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းတွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ ကြေညာပြီးနောက် အခုလိုနှိုးဆော်စာ ထုတ်ပြန်လာတာပါ။

ဒီကနေ့အချိန်ကာလမှာ မွန်တွေရဲ့ အခွင့်အရေး မွန်တွေကိုယ်တိုင် ပြန်လည်ဖန်တီးယူနိုင်ဖို့ဆိုတာ ရန်သူစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းနဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်မှသာ အောင်ပွဲရနိုင်မယ်လို့ မွန်ပြည်သစ် AD က ယုံကြည်တာ ဖြစ်ပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်ရုန်းကန်နေတဲ့ မိမိတို့လမ်းခရီးမှာ ပြည်တွင်းပြည် ပရှိ မိဘပြည်သူတွေဆီက ထောက်ခံမှုအင်အားနဲ့ ဝန်းရံမှုအင်အားကသာ မိမိတို့ရဲ့ အဓိကကျောရိုး အဓိကအင်အားဖြစ်ကြောင်း ခံယူထားတယ်လို့ ဆိုပါတယ်။

အရေးကြီးတဲ့ကာလမှာ မွန်လူထုတစ်ရပ်လုံး ကြောက်စိတ်ကိုဖယ်၊ သခင်စိတ်ကို သွန်းလောင်း၊ စိတ်ဓာတ်ကို ခိုင်မာအောင်ပြင်ဆင်ပြီး ရည်မှန်းထားတဲ့အတိုင်း အမိပြည်ပြန်လည်တည်ထောင်ရေးကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြဖို့ မွန်ပြည်သစ် AD က တောင်းဆိုပါတယ်။

မွန်ပြည်သစ် AD အနေနဲ့ ရဲ‌ဘော်သစ်တွေကို လက်ခံရာမှာ လူမျိုးဘာသာ၊ ကျားမ မရွေး အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အတွင်း ဦးနှောက်သန်စွမ်းပြီး မွန်လူမျိုးကို အမှန်တကယ်အကျိုးပြုလိုစိတ် ရှိရမှာဖြစ်သလို ကိုယ်လက်အင်္ဂါ ပြည့်စုံသူဖြစ်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျန်းမာရေးကောင်းမွန်သူ ၊ မျိုးချစ်စိတ်ဓာတ်ပြင်းပြသူနဲ့ တော်လှန်ရေးသမားတစ်ယောက်အဖြစ် ခံယူချက်ရှိရမှာဖြစ်ပြီး ရာဇဝတ်မှုပြစ်ဒဏ်တွေ မရှိသူဖြစ်ရမယ်လို့ ရဲဘော်သစ်လက်ခံတဲ့ စည်းမျဉ်းမှာ ဖော်ပြထားပါတယ်။

မျိုးချစ်လူငယ်တွေအနေနဲ့ စစ်မှုတာဝန်ထမ်းဆောင်ဖို့ ရဲဘော်သစ်လက်ခံတဲ့ စည်းမျဉ်းကိုခံယူပြီးပြီဆိုရင် ပါတီတာဝန်ရှိသူတွေ တပ်တာဝန်ရှိသူအဆင့်ဆင့်နဲ့ သိကျွမ်းတဲ့ နီးစပ်သူတွေကို ဆက်သွယ်နိုင်ပြီး မွန်ပြည်သစ် AD မှာ စစ်မှုထမ်းဆောင်မယ့်အကြောင်း အရင်ဆုံးအသိပေး သတင်းပို့ရမှာပါ။

အဲဒီကနေတဆင့် တာဝန်ရှိသူတွေက ရဲဘော်တွေကိုလက်ခံဖို့ ပြန်လည်အသိပေး သတင်းပို့မှာဖြစ်ပြီး ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ဖို့ကိုလည်း နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။

ပါတီအဆက်အသွယ်မရှိတဲ့ မျိုးချစ်လူငယ်တွေအနေနဲ့ စစ်မှုထမ်းဆောင်လိုစိတ်ရှိမယ်ဆိုရင် ပေးထားတဲ့ တယ်လီဂရမ်နံပါတ်တွေကို ဆက်သွယ်ကာ တာဝန်ရှိသူတွေက စိစစ်မေးမြန်းပြီး အချက်အ လက်ပြည့်စုံသူကို ပြန်လည်အကြောင်းကြား‌ပေးသွားမှာပါ။

မွန်ပြည်သစ် AD အနေနဲ့လည်း မျိုးချစ်တွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေနဲ့တကွ ပူးပေါင်းပြီး အမြန်ဆုံးအောင်မြင်မှုရနိုင်ဖို့ စွမ်းပကားအင်အားရှိသလောက် စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်သွားမယ်လို့ အလေးအနက် ကတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.