မြိုင် – ဖေဖော်ဝါရီ ၂၁

မကွေးတိုင်း၊မြိုင်မြို့နယ်က ပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်ရောက်လာ တဲ့အတွက် ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါ တယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကန်နီပျူစောထီးကျေးရွာမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ရဲအောင်ဆိုသူဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာပါ။

“ရဲအောင်ရဲ့ ထွက်ဆိုချက်အရ ကန်နီပျူရွာမှာ စစ်ကောင်စီလက်အောက်ခံတွေက ပျူစောထီး ကျား/မ မရွေးကို ကင်းစောင့်ခိုင်းပြီး စစ်သားတွေက သာသာယာယာနဲ့ သောက်စားနေကြတယ်” လို့ မြိုင်မြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ကန်နီပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ပိတ်ဆို့ဖြတ်တောက်မှုတွေ အားကောင်းလာတာ ကြောင့် ဆန်ပြုတ် ၃ လနီးပါးလောက်စားခဲ့ရတယ်လို့ အလင်းဝင်လာတဲ့ ရဲတပ်သားက ပြောပါ တယ်။

အဲဒီပျူစောထီးကျေးရွာမှာ စစ်သား ၇ ဦးနဲ့ ရဲ ၆ ဦး ရှိနေပြီး သူတို့အချင်းချင်းလည်း ဆက်ဆံ ရေးအဆင်မပြေတာတွေရှိနေသလို ပျူစောထီးတွေဟာလည်း သောက်စားမူးယစ်ပြီး အချင်းချင်း ထိုးကြိတ်တာတွေရှိနေတယ်လို့ သိရပါတယ်။ 

ရဲတပ်သား ရဲအောင်ဟာ ၂၀၂၂ ခုနှစ် ဇွန်လက သရက်ခွပျူစောထီးရွာမှာ ၁၀ ရက် တာဝန်ထမ်း ဆောင်ပြီးနောက် ကန်နီပျူစောထီးကျေးရွာမှာ ၂ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့ရပြီးနောက် မြိုင် ပကဖထံကို အူစီသေတ် ၁ လက်၊ကျည်ဘောက် ၂ ခုနဲ့ ၉ မမ ကျည် ၁၇ တောင့်ယူလာခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူနဲ့ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃ သောင်းနီးပါးအထိရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.