ထားဝယ်၊ ဖေဖော်ဝါရီ ၂၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ဝကုန်းကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်ကနေ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

ထားဝယ်-ထီးခီးလမ်းအတိုင်း တပ်အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား ဒီနေ့ မနက်ပိုင်ကစပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ထက်မနည်း ပြုလုပ်ထားတယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော် ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးအခြေအနေ အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် သင်္ကန်းတုန်းနဲ့ ဝကုန်းအပါအဝင် ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သံလွင်တိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ အခုနှစ်ဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ထက်မနည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့ကလည်း ထားဝယ်အရှေ့တောဒေသမှာ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ထိခိုက်သေဆုံးမှု များပြားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သင်္ကန်းတုန်းကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.