ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၂

ရှေ့ဆောင်ဦးလွှတ်တင်ခဲ့တဲ့ ဥရောပ ဂြိုလ်တုတစ်လုံးဟာ နာရီပိုင်းအတွင်း ကမ္ဘာပေါ်ကို ပြုတ်ကျလာတော့မယ်လို့ ဥရောပအာကာသ အေဂျင်စီ Esa တာဝန်ရှိသူတွေက ပြောပါတယ်။  

အဲဒီဂြိုလ်တုဟာ ၁၉၉၅ ခုနှစ်လွှတ်တင်ချိန်က အဆင့်မြင့်လေ့လာရေး ဂြိုလ်တုအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာကိုစောင့်ကြည့်ဖို့ လက်ရှိအသုံးပြုနေတဲ့ နည်းပညာတွေရဲ့ ရှေ့ပြေး ERS-2 ဖြစ်တယ်လို့ သိရပါတယ်။

ဒီဂြိုလ်တုဟာ ၂၀၁၁ ခုနှစ်က လည်ပတ်မှုအဆုံးသတ်ပြီးနောက် တဖြည်းဖြည်း နိမ့်ဆင်းလာကာ မထိန်းနိုင်မသိမ်းနိုင်တဲ့ အခြေအနေနဲ့ ကမ္ဘာပေါ်ကိုပြုတ်ကျလာမှာပါ။

နှစ်တန်လေးတဲ့ ဂြိုလ်တုဟာ ကမ္ဘာပေါ်ပြန်လည်ပြုတ်ကျလာချိန်မှာ အစိတ်အပိုင်းအများစုဟာ ကမ္ဘာ့လေထုထဲ မီးလောင်ပျက်စီးသွားမှာဖြစ်တယ်လို့ ဥရောပအာကာသ အေဂျင်စီ Esa က အသိပေးထားပါတယ်။

ဒါ့အပြင် ကျန်တဲ့အစိတ်အပိုင်းတွေဟာလည်း အရမ်းမြန်တဲ့ အမြန်နှုန်းနဲ့ ပြုတ်ကျလာချိန်မှာ အပူချိန်မြင့်မားမှာဖြစ်ပေမယ့် လူနေထူထပ်တဲ့ နေရာကိုပြုတ်ကျနိုင်ခြေနဲ့ ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ခြေ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

လက်ကျန်အစိတ်အပိုင်းတွေဟာ ကမ္ဘာရဲ့ ဘယ်အပိုင်းကိုမဆို ပြုတ်ကျလာနိုင်ပေမယ့် ကမ္ဘာ့ မျက်နှာပြင်အများစုဟာ ရေပြင်ဖြစ်နေတာကြောင့် မပျက်စီးဘဲပြုတ်ကျလာတဲ့ အစိတ်အပိုင်းတွေဟာ ရေပြင်ထဲမှာ ပျောက်ဆုံးသွားဖွယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဥရောပအာကာသ အေဂျင်စီ Esa က ကမ္ဘာကြီးကို အဝေးက စောင့်ကြည့်ရေး ဂြိုလ်တု နှစ်လုံးကို ၁၉၉၀ ပြည့်နှစ်တွေက လွှတ်တင်ခဲ့တာပါ။

အဲဒီဂြိုလ်တုနှစ်လုံးကို ဥရောပမှာ ကမ္ဘာမြေလေ့လာစောင့်ကြည့်ရေး အဖိုးကြီး ဂြိုလ်တုတွေလို့ ခေါ်ဆိုနေကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဂြိုလ်တုပြုတ်ကျလာမယ့် အချိန်နဲ့ နေရာအတိအကျကို ပြောဆိုဖို့ ခက်ခဲတယ် လို့ ပညာရှင်တွေက ပြောထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.