ဘေဂျင်း ၊ ဖေဖော်ဝါရီ ၂၂

အစ္စရေးထိုးစစ်ဆင်နေတဲ့ ဂါဇာမှာ ချက်ချင်းအပစ်ခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို အမေရိကန်က ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့အတွက် တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်ပါတယ်။

ဒီလုပ်ရပ်ကြောင့် မှားယွင်းတဲ့ သတင်းစကားဖြစ်ပေါ်စေသလို ဆက်ပြီးတော့ လူသတ်ဖို့ ထိထိ ရောက်ရောက်မီးစိမ်းပြလိုက်တာဖြစ်တယ်လို့ တရုတ်က ဆိုခဲ့တာပါ။

အယ်လ်ဂျီးရီးယားက အဆိုပြုတဲ့ အဲဒီဆုံးဖြတ်ချက်ဟာ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုတွေကို အချည်းနှီးဖြစ်စေလိမ့်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

အမေရိကန်က အစ္စရေးကို ရာဖာမြို့ကို ကျူးကျော်ဝင်ရောက်မှု မပြုလုပ်ဖို့ သတိပေးချက် ပါဝင်တဲ့ ယာယီအပစ်ရပ်ရေး အဆိုပြုထားပါတယ်။

ဂါဇာမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ အယ်လ်ဂျီးရီးယားရဲ့ အဆိုပြုချက်ကို အမေရိကန်က ပယ်ချတဲ့အတွက် ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၁၃ နိုင်ငံက ထောက်ခံခဲ့ပြီး ဗြိတိန်က မဲမပေးခဲ့ဘူးလို့ သိရပါတယ်။

အယ်လ်ဂျီးရီးယားရဲ့ ကုလသမဂ္ဂဆိုင်ရာ သံတမန်က ဒီလိုလုပ်ဆောင်မှုကြောင့် သမိုင်းမှာ ဘယ်လို ဆုံးဖြတ်ကြမလဲဆိုတာ ကိုယ့်အသိနဲ့ကိုယ်စဉ်းစားကြလို့ ပြောခဲ့ပါတယ်။

အမေရိကန်သံအမတ်ကတော့ အစ္စရေးနဲ့ ဟားမတ်စ်ကြား ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင် နေချိန်မှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ အချိန်မကျသေးဘူးလို့ ပြောပါတယ်။

ဒါ့အပြင် ဗြိတိန်သံအမတ်ကတော့ ဒီလုပ်ရပ်ကြောင့် ဆွေးနွေးမှုတွေအပေါ် အန္တရာယ်ကျရောက်စေနိုင်ပြီး အပစ်ခတ်ရပ်စဲရေး ဖြစ်နိုင်ခြေ နည်းသွားစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ်ကတော့ သူတို့ရဲ့ ရည်မှန်းချက်အားလုံးပြည့်မြောက်တဲ့အထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုထားသလို ဘယ်လိုဖိအားတွေရှိရှိ ရပ်တန့်သွားမှာမဟုတ်ဘူး လို့ အသိပေးထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.