ကန်ဘာရာ ၊ ဖေဖော်ဝါရီ ၂၁

အာရှ-ပစိဖိတ်လက်နက်ယှဉ်ပြိုင်မှုတွေရင်ဆိုင်နေရချိန်မှာ ဩစတြေးလျက သူတို့ရဲ့အဓိက စစ်သင်္ဘောတွေပါဝင်တဲ့ ရေယာဉ်အုပ်စုကို ၂ ဆ တိုးမြှင့်ရေးနဲ့ စစ်အသုံးစရိတ်ကို နောက်ထပ် အမေရိကန်ဒေါ်လာ ၇ ဘီလျံ တိုးမြှင့်ရေး အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။

အဲဒီအစီအစဉ်အရ ဩစတြေးလျဟာ လက်ရှိ ၁၁ စီးရှိတဲ့ ရေပြင်တိုက်ခိုက်ရေး သင်္ဘောအရေ အတွက်ကို ၂၆ စီးအထိရှိလာအောင် တိုးမြှင့်သွားမှာပါ။

ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်း ဩစတြေးလျမှာရှိလာမယ့် အကြီးမားဆုံး ရေတပ်ဖြစ်လာမှာ ပါလို့ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။

ပြိုင်ဘက်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ရဲ့ ပစ်ခတ်နိုင်တဲ့စွမ်းအား အဆမတန်ကြီးထွားလာပြီး အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ပိုများလာချိန်မှာ ဒီအစီအစဉ် ထွက်ပေါ်လာတာပါ။

ဩစတြေးလျက Hunter အဆင့် ဖရီးဂိတ် သင်္ဘော ၆ စီး၊အထွေထွေသုံး ဖရီးဂိတ် သင်္ဘော ၁၁ စီးနဲ့ လူမလိုတဲ့ ရေပြင် စစ်သင်္ဘော ၆ စီးတည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောတွေထဲက တချို့ဟာ ရန်သူ့ပိုင်နက်အတွင်းပိုင်းထိ တာဝေးပစ်ခတ်နိုင်တဲ့ Tomahawk ဒုံးကျည်တွေ တပ်ဆင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒီအစီအစဉ်အရ ဩစတြေးလျရဲ့ ကာကွယ်ရေးအသုံးစရိတ်ဟာ အသားတင်ပြည်တွင်း ထုတ်ကုန်တန်ဖိုးရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိလာမှာဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ သတ်မှတ်ချက် ၂ ရာခိုင်နှုန်းထက်ကျော်လွန်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်္ဘော တချို့ကို အဒီလာဒေးမြို့မှာ တည်ဆောက်သွားမှာဖြစ်ပြီး အလုပ်အကိုင် ၃၀၀၀ ကျော် ထွက်ပေါ်လာဖို့ရှိတယ်လို့လည်း သိရပါတယ်။

တခြားသင်္ဘော ဒီဇိုင်းတွေကိုတော့ အမေရိကန်ဆီက ရယူမှာဖြစ်ပြီး စပိန်၊ဂျာမနီ၊တောင်ကိုရီး ယားနဲ့ ဂျပန်တို့ရဲ့ သင်္ဘော ဒီဇိုင်းတွေကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.