မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀
လာမယ့် ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုတဲ့အနေနဲ့ လွတ်လပ်ပြီး ဖိနှိပ်မှုကင်းတဲ့ မွန်အမျိုးသားနေ့ဖြစ်လာဖို့ တော်လှန်ရဲမှ လွတ်မြောက်မည်ဆိုတဲ့ ကြွေးကြော်သံ စာတန်းနဲ့ ကမ်းပိန်းလုပ်ဖို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က နှိုးဆော်ပါတယ်။
နှိုးဆော်စာအရ အာဏာရှင်တွေဖိနှိပ်မှုအောက်က ကျင်းပနေရတဲ့ မွန်အမျိုးသားနေ့အခမ်းအနားကို အဆုံးသတ်နိုင်ဖို့နဲ့ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ မွန်အမျိုးသားနေ့အခမ်းအနားတွေ ဆက်ပြီးကျင်းပနိုင်ဖို့ ရွှေဟင်္သာအပေါင်းတို့ သွေးစည်းညီညွတ်စွာနဲ့ အာဏာရှင်ကို စုပေါင်းတော်လှန်ကြဖို့ပါ။
ကမ်ပိန်းကိုတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်ရဲမှ လွတ်မြောက်မည် ကြွေးကြော်သံပါ စာတန်းတွေနဲ့ ဓာတ်ပုံရိုက်တာ၊ မွန်လုံချည် မွန်ထဘီတွေမှာ အဲဒီ စာတန်းကပ်ပြီး ဓာတ်ပုံရိုက်ဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် မွန်လုံချည် မွန်ထဘီမရှိရင်လည်း အဆင်ပြေတဲ့ ထဘီနဲ့ လုံခြည်မှုတွေမှာ ကြွေးကြော်သံစာတန်းတွေ ကပ်ပြီး ဓာတ်ပုံရိုက်ဖို့နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်မျှဝေပေးနိုင်တယ်လို့ NRFF က နှိုးဆော်ထားပါတယ်။
သတင်း- သံလွင်တိုင်းမ်