မောင်တော၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပဲရမ်းတောင်စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

ပဲရမ်းတောင်စခန်းကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီအကြာ ထိုးစစ်ဆင်အပြီး ညနေ ၄ နာရီခွဲအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ၃ ကြိမ်တိုင် လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ချအညံ့မဘဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းလျက်ရှိနေတယ်လို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူနဲ့ အမ်းမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ ခုခံစစ်နဲ့ခွာစစ်တွေကိုသာ တွေ့နေရတယ်လို့ ရက္ခိုင့်တပ်တော် AA က ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ချင်း ပြည်နယ် ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ်က မြို့ ၆ မြို့အထိ အပြီးသတ်သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.