မော်လမြိုင် ၊ ဖေဖော်ဝါရီ ၂၀
ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ပြည်တွင်းမီးလင်း အ ခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၉ သိန်းအထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၀၁၃ ဒေါ်လာသာရှိရာမှ ဒီနေ့မှာတော့ ၂၀၂၁ ဒေါ်လာအထိ ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းဟာ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှု အချက်အလက်တွေကြောင့်ဖြစ်ပြီး ငွေ ကြေး ဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ တန်ဖိုး ၀ ဒသမ ၁ ရာခိုင်နှုန်းထိ ကျဆင်းလာတယ်လို့ သိရပါတယ်။
ပြည်တွင်းရွှေဈေနှုန်းဟာ ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ ပြင်ပဒေါ်လာပေါက်ဈေးအပေါ် အခြေခံတာကြောင့် အခုလတတိယအပတ်အတွင်း ကျပ် ၃၉ သိန်းအထိ ရောက်ရှိလာခဲ့တာပါ။
ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာတဲ့အတွက် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် နည်းပါးနေပြီး ဈေးနှုန်းအတက်အကျကို စောင့်ကြည့်တာလောက်သာရှိတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းများအသင်းရဲ့ ရွှေဈေးနှုန်း ရည်ညွှန်းဈေးကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၆ သိန်းကျော် ဈေးနှုန်းသတ်မှတ်ထားတာကြောင့် ပြင်ပရွှေဈေးနှုန်းနဲ့ ကျပ်နှစ်သိန်းခွဲကျော် ကွာဟနေတာပါ။
မော်လမြိုင်ရွှေဈေးကွက်မှာတော့ ရွှေဈေးနှုန်းမြင့်တက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ရွှေလုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media