ထားဝယ်၊ ဖေဖော်ဝါရီ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးလမ်းအတိုင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၁၈ ရက်နေ့မှာ ထားဝယ်မြို့မှ ထားဝယ်-ထီးခီးလမ်းအတိုင်း အင် အား ၃၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ ခြေလျက်စစ်ကြောင်းနဲ့ ကား ၁၇ စီးပါ စစ်ကောင်စီယာဉ်တန်းအား သင်္ကန်းတုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက သုံးကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်မှုအတွင်း စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သင်္ကန်းတုန်းကျေးရွာမှာ တပ်စွဲထားတာကြောင့် ကျေး ရွာအတွင်းရှိ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို ဗထူးတပ်မတော် (BHA)၊ ထားဝယ်စုပေါင်းစစ်ကြောင်း (DCC)၊ Dawei Defense Team (DDT) တပ်ခွဲ (၂) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း နှစ်ဖက်တိုက်ပွဲ ၄၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ရက်ရှည်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BHA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.