မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉

အရေးမလှစစ်ရှုံးနေတဲ့ စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံရဲ့ ဖြစ်ထွန်းမှု လမ်းကြောင်းတစ်ခုလုံး မျိုးဆက်နဲ့ချီ အနုတ်လက္ခဏာအရွှေ့ဖြစ်သွားနိုင်ခြေရှိတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP – Myanmar က သုံးသပ်ချက်အစီရင်ခံထုတ်ပြန်ပါတယ်။

ISP-Myanmar ရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာနိုင်တာ၊ အောက်ခြေအဆင့်ဆင့်မှာ လာဘ်စားဖို့ လမ်းဖွင့်လိုက်သလို ဖြစ်ခဲ့ရာကနေ အဂတိ လိုက်စားမှုတွေ ကျယ်ပြန့်လာနိုင်တာ၊ အစုလိုက်အပြုံလိုက် ပြည်ပထွက် ရွှေ့ပြောင်းထွက်ခွာနိုင်တာတွေ ရှိလာနိုင်တယ်လို့ ကနဦးသုံးသပ်ချက်အရ သိရပါတယ်။

ဒါ့အပြင် စစ်သားစုဆောင်းမှုတွေရဲ့ ပစ်မှတ်ဟာ ကျေးလက်လူငယ် ဆင်းရဲလူငယ်တွေဖြစ်နိုင်မယ့်အပြင် ဗမာလူငယ်တွေ၊ ပဋိပက္ခနဲ့ လက်နက်ကိုင်တပ် ကြီးကြီးမားမားမရှိတဲ့ နယ်မြေတွေက လူမျိုး စုလူငယ်တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

လူ့အဖွဲ့အစည်းအတွင်း လူတန်းစား၊ လူမျိုး၊ ဘာသာနဲ့ဒေသ စတာတွေအပေါ် မူတည်ပြီး အကွဲအပြားနဲ့ အာဃာတတွေ ပိုမိုဆိုးရွားလာနိုင်ခြေရှိသလို လူငယ်တွေအနေနဲ့ တိုင်းရင်းသားလက်နက် ကိုင် EAOs နဲ့ ပြည်သူ့ကာကွယ်ရေးတပ်PDF အဖွဲ့တွေဆီ သွားရောက်ပါဝင်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး လူငယ်တွေကိုတွေ့ပါက စစ်တပ်ကဥပဒေမဲ့ ဖမ်းဆီးခေါ်ဆောင်ထိန်းသိမ်းတာတွေ နေရာအနှံ့ပြား အဖြစ်များလာနိုင်တဲ့အတွက် လူ့အဖွဲ့အစည်းမတည်ငြိမ်မှု ဖြစ်စေတယ်လို့ သုံးသပ်ပါတယ်။

“ဒါဟာ တိုင်းပြည်အတွက် မကောင်းတဲ့လက္ခဏာဖြစ်ပါတယ်။ ဒီအလုပ်ကို စစ်ကောင်စီက လုပ်လိုက်တာဟာ ဒီစစ်ကောင်စီရဲ့ နောက်ဆုံးအခေါင်းကို နောက်ဆုံးသံချက်ရိုက်လိုက်တာနဲ့ ကျွန်တော်တို့ယူဆတယ်” လို့ သူက သုံးသပ်ထားပါတယ်။

တပ်အင်အားပြုန်းတီးနေတဲ့ မြန်မာစစ်တပ်မှာ စစ်သားစုဆောင်းဖို့ အင်နဲ့အားနဲ့ လိုအပ်နေတာဖြစ်ပြီး စစ်တပ်အပေါ် လူထုထောက်ခံမှု လုံးဝနီးပါးကျဆင်းနေချိန်မှာ လက်ရှိ စစ်သားစုဆောင်းပုံတွေက အလုပ်မဖြစ်၊ မကာမိတော့တာကြောင့် စစ်မှုထမ်းဥပဒေလိုအပ်လာတာဖြစ်တယ်လို့ ISP-Myanmar က ထောက်ပြပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း စစ်မှုထမ်းဥပဒေဟာ ပြည်သူလူထုကို အကာကွယ်ယူပြီး အသေခံခိုင်းနေတာဖြစ်သလို စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေ ပိုမိုများပြားလာနိုင်တယ်လို့ ပြောပါတယ်။

“စစ်မှုထမ်းဥပေဒကတော့ သူတို့(စစ်ကောင်စီ) နောက်ဆုံးဂျောင်ပိတ်မိပြီး သေတော့မှာမို့လို့ လူထုကို အသေခံခိုင်းတာပဲ။ အဲဒါပဲ အတိုချုပ်ကတော့နော်။ လူထုကိုဆွဲပြီးတော့ ကာတာပေါ့ လူထုနဲ့။ (စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု) အဲဒါက အသေအချာပဲ။ အသေအချာပဲလေ။ ဒီတပ်က စိတ်ဓာတ်တွေပျက်ပြားနေပြီ” လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဟောင် ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်တာ၊ စစ်မှုမထမ်းနိုင်အောင် ကြိုးပမ်းသူတွေကို အနည်းဆုံးထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လက်ရှိမှာတော့ လူငယ်တွေဟာ ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေတစ်ဆင့် ဝင်ရောက်လာတာတွေ ပိုမိုများပြားလာနေပြီး ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်တွေ့လာနေရပါတယ်။

ဒါ့အပြင် ရန်ကုန်အပါအဝင် စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာတော့ ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ပတ်စ်ပို့စ်ရုံးတွေမှာ ပတ်စ်ပို့စ်လျှောက်ထားဖို့ နာရီနဲ့ချီပြီး စောင့်ဆိုင်းနေကြတဲ့ လူအုပ်ကြီးတွေလည်း တွေ့ရှိ နေရပါတယ်။

အလုပ်သမားအရေးဆောင်ရွက်သူ ဦးအောင်ကျော်ကတော့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဘက်ကို အလုံးအရင်းနဲ့ ပိုမိုထွက်ခွာလာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့(လူငယ်)ကတော့ ရရာနည်းလမ်းနဲ့ သူတို့လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပြည်ပနိုင်ငံတွေကို သူတို့ထွက်ခွာသွားမယ်ဆိုတာ ကျွန်တော်တို့မြင်တယ်။ ရတဲ့နည်းနဲ့သွားတဲ့အခါမှာ ဘာတွေဖြစ်ပေါ်လာမလဲ ဆိုတော့ တရားမဝင်ရွှေ့ပြောင်းသွားလာမှုစနစ်တွေက တွန်းအားပေးလိုက်သလိုဖြစ်ပြီးမှ ပိုမိုများပြားလာမယ်လို့ သုံးသပ်မိပါတယ်” လို့ သူက ဆိုပါတယ်။

စီးပွားရေးပညာရှင်တွေရဲ့ အဆိုအရ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်မှာ ထုတ် လုပ်မှုတန်ဖိုး ဆိုးဆိုးဝါးဝါးကျဆင်းလာနိုင်ပြီး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရတဲ့ နိုင်ငံဟာ ဘက်ပေါင်းစုံ အနုတ်လက္ခဏာအထိ ရောက်သွားနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

တဖက်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့အတူ စစ်ကောင်စီဘက် တပ်သားသစ်တွေ အတင်းအ ကျပ် စုဆောင်းပြီး နိုင်ငံအနှံ့တိုက်ပွဲတွေမှာ အပြင်းအထန် ထိုးစစ်ဆင်လာနိုင်တာကြောင့် ပြည်တွင်း စစ်မီး ပိုမိုတောက်လောင်လာမယ့် အခြေအနေပါ။

စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီးမှာ စတင်သွားမှာ ဖြစ်ပြီး အပတ်စဉ်တစ်ခုလျှင် လူ ၅၀၀၀ နှုန်း၊ တစ်နှစ် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့ အရွယ်ရောက်ပြီးသာ အမျိုး သား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်း နီးပါးရှိတယ်လို့ စစ်ကောင် စီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြည်သူလူထုက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပေါ် ဝိုင်းဝန်းကန့်ကွက်ပြီး လက်မခံဘဲ ရှုံ့ချနေတဲ့အချိန်မှာ စစ်ကောင်စီက နိုင်ငံသားတွေ စစ်မှုထမ်းဆောင်ရေးအတွက် အမြန်လုပ်ဆောင်နေပြီး စစ် မှုထမ်းဥပဒေ ပြဌာန်းရတာဟာ ပြည်သူလူထုအကျိုးအတွက် ဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.