ဆီဆိုင်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အနီးမှာ ဒေသခံတွေရဲ့ကားတစ်စီး လက်နက်ကြီးနဲ့တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၇ ဦး သေဆုံးသွားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLO/PNLA က ထုတ်ပြန်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်က ဆီဆိုင်မြို့မှာ ပစ္စည်းသယ်ဖို့ပြန်လာတဲ့ ကားတစ်စီးကို စစ်ကောင်စီတပ်က ဝါးတောရွာအနီးအရောက်မှာ လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ ဒေသခံတွေဟာ ဆီဆိုင်မြို့ပေါ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်ပြီး သေဆုံးသူတွေရဲ့ အချက်အလက်ကိုတော့ မသိရသေးပါဘူး။

PNLO/PNLA ကတော့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကိုပါ ရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း အွန်လိုင်းပေါ်က သတင်းအမှားတွေကို ယုံကြည်ပြီး မြို့အတွင်းရှိ နေအိမ်ပြန်တာ၊ ပစ္စည်းသယ်ယူတာ မပြုလုပ်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကလည်း ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့အခြေစိုက် စစ်ကောင်စီတပ် ရင်းတွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၆လအရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ဒေသခံ ၇ ဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဆီဆိုင်မြို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့က စ တင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Photo – PNLO/PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.