ချောင်းဆုံ၊ ဖေဖော်ဝါရီ ၂၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုဒွန်းကျေးရွာမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မီးလောင်မှုဟာ မုဒွန်းကျေးရွာ အမှတ် (၁၂) ရပ်ကွက်နေ ဒေါ်အေးဝင်း နေအိမ်မှာ ဆိုလာပြားနဲ့ ဘတ္ထရီအိုးအားသွင်းထားရမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“မီးလောင်တဲ့အချိန် သူတို့လမ်းတွေကျဉ်းတော့ မီးသတ်ကားတွေ ဝင်ရခက်လို့ မီးလောင်အချိန်ကြာသွားပြီး ပျက်စီးမှုများသွားတာ၊ လေကလည်း တိုက်နေတော့ မီးလောင်ဖို့ အားပေးသလို ဖြစ်သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုကြောင့် ပျဉ်းခင်း၊ ပျဉ်ကာ၊ အုတ်ညှပ်နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးသွားပြီး ခန့်မှန်းကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုကို ချောင်းဆုံနဲ့မော်လမြိုင်မြို့နယ်တို့က မီးသတ်တပ်ဖွဲ့တွေနဲ့လူမှုကူညီရေးအသင်းတွေ၊ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မီးလောင်ပြီး တစ်နာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့တဲ့ ဒေသခံပြည်သူ ၆၀ နီးပါးကို ကျေးရွာဘုန်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.