မြူးနစ်၊ ဖေဖော်ဝါရီ ၂၀

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံပြင်ပမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယူကရိန်းစစ်ပွဲအတွင်း ဘယ်ဘက်ကိုမှ လက်နက်ရောင်းမှာမဟုတ်ဘူးလို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးကို ကတိပေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုထရို ကူလီဘာ နဲ့တွေ့ဆုံချိန်မှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိက တရုတ်အနေနဲ့ ယူကရိန်းနဲ့ ဆက်ဆံရေးပုံမှန်ထားရှိရေး သေချာအောင်လုပ်ဆောင်ဖို့ ကတိပေးခဲ့တာပါ။

နိုင်ငံတကာအခြေအနေဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်အနေနဲ့ တရုတ်-ယူကရိန်း ဆက်ဆံရေး ပုံမှန်ဖွံ့ဖြိုးစေဖို့ မျှော်လင့်ပြီး နှစ်နိုင်ငံပြည်သူတွေ ဆက်လက်အကျိုးရှိစေဖို့ မျှော်လင့်တယ်လို့ ဝမ်ရိက ကြေညာချက်တစ်ခုမှာ ပြောဆိုခဲ့တာပါ။

ယူကရိန်းစစ်ပွဲမှာ ကြားနေအဖြစ် သူ့ကိုယ်သူ ပုံဖော်နေတဲ့တရုတ်ဟာ အနောက်တိုင်းရဲ့ ပိုများလာနေတဲ့ စစ်ကြောမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

အထူးသဖြင့် တရုတ်က ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ လုပ်ရပ်ကိုပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တာ၊မော်စကိုနဲ့ မဟာဗျူဟာမြောက် လက်တွဲနေတာတွေနဲ့ ပတ်သက်ပြီး အနောက်တိုင်းက တရုတ်အပေါ်မှာ သံသယရှိနေတာဖြစ်ပါတယ်။

တရုတ်ဟာ ရုရှားကို လက်နက်ခဲယမ်းတွေပေးပို့ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်က ပြောဆိုထားပေမယ့် တရုတ်ဘက်ကငြင်းဆိုထားပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေကို လက်နက် ရောင်းချမှာမဟုတ်ဘူးလို့ ပြောထားတာပါ။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ကူလီဘာက တရုတ်နဲ့ယူကရိန်းဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပါတယ်။

မြူးနစ်လုံခြုံရေးညီလာခံအပြီးမှာ ဝမ်ရိက ယူကရိန်းစစ်ပွဲကို သံတမန်နည်းလမ်းနဲ့ အဖြေရှာကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ဖန်တီးတဲ့ နိုင်ငံမဟုတ်သလို စစ်ပွဲမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံလည်း မဟုတ်ကြောင်းနဲ့ စစ်ပွဲကနေ အမြတ်ထုတ်ဖို့ ကြိုးပမ်းနေတာလည်းမဟုတ်ဘဲ ရပ်ကြည့် နေတဲ့ နိုင်ငံမဟုတ်ဘူးလို့ ဝမ်ရိက ပြောခဲ့ပါတယ်။

Ref: South China Morning Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.