ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒက်ကွင်းကျေးရွာအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ  ဒေသခံအမျိုးသား တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၈ နှစ်အရွယ် ကိုရန်နိုင်စိုးဟာ တံမြက်စည်းလုပ်တဲ့ နတ်မြှားတံ တောထဲလိုက်ချိုးစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။

“သူကတောထဲမှာ နတ်မြှားတံမြက်စည်းလုပ်ရောင်းတဲ့သူပါ။ သူသွားတာ ခမရ ၂၀၇ အနား ကိုက် ၂၀၀ လောက်ထိ အရောက်မှာ မိုင်းထိသွားတာ။ အဲဒီအနီးဝန်းကျင်က သူတို့တပ်ကို PDF တွေ မလာနိုင်အောင် မိုင်းထောင်ထားတဲ့ နေရာတွေရှိတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် ကိုရန်နိုင်စိုးမှာ ဘယ်ခြေထောက်ပြတ်ဒဏ်ရာရ ၊ ညာခြေထောက်၊ မေးစေ့တွေမှာ မိုင်းအစထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိပြီး သိမ်ဇရပ်ဆေးရုံကနေ ကျိုက်ထိုဆေးရုံသို့ ပြောင်းရွှေ့ကုသနေရတယ်လို့ သိရပါတယ်။

စစ်တပ်လော်ဘီတွေကတော့ ကိုရန်နိုင်စိုး နင်းမိခဲ့တဲ့ မြေမြှုပ်မိုင်းဟာ ကရင်အမျိုးသားအစည်း အရုံး KNU နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ထောင်ထားတဲ့ မိုင်းလို့ စွပ်စွဲရေးသားတာ တွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကျိုက်ထိုမြိုနယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.