လွိုင်ကော် ၊ ဖေဖော်ဝါရီ ၁၉

ကရင်နီပြည်နယ် မယ်စဲ့၊မော်ချီးနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ ကရင်နီကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အငှားယာဉ်လိုင်း စတင်ပြေးဆွဲနေပြီလို့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့တည်းက IEC ရဲ့  ကူးသန်းရောင်းဝယ်ရေး၊ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ဆောင် ဆက်သွယ်ရေးဌာန၊သယ်ယူပို့ဆောင်ရေးဌာနခွဲရဲ့ အစီအစဉ်နဲ့ စတင်ပြေးဆွဲနေတာ ဖြစ်ပြီး အဲဒီ အငှားယာဉ်လိုင်းဟာ ဒီးမော့ဆို-မော်ချီးနဲ့ မယ်စဲ့ တို့ကိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

အပတ်စဉ် တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ တစ်ပတ်ကို ၄ ရက်ပြေးဆွဲမှာဖြစ်ကာ ခရီးသည်တွေအပြင် ကုန်စည်စီးဆင်းမှုတွေအတွက်ပါဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

အငှားယာဉ်လိုင်းစတင်ပြေးဆွဲတာဟာ စစ်ဘေးရှောင်တွေနဲ့ ဝေးကွာနေတဲ့ မိသားစုတွေ ပြန်လည်ဆုံတွေ့နိုင်ဖို့ဖြစ်တယ်လို့ IEC သယ်ယူပို့ဆောင်ရေးဌာနခွဲညွှန်ကြားရေးမှူး ကိုသံချောင်း က ပြောပါတယ်။ 

“အဓိက စစ်ရှောင်ပြီးတော့ တကွဲတပြားဖြစ်နေတဲ့ မိသားစုတွေ သွားလာတွေ့ဆုံနိုင်ဖို့အတွက်ရယ် ၊ ကျွန်တော်တို့ ကုန်စည်လေးတွ ချောမွေ့စွာသွားလာနိုင်ဖို့ ဒီယာဉ်လိုင်းကို IEC အစိုးရရဲ့ ညွှန်ကြားချက်နဲ့ အခုလိုစီစဉ်ရတာဖြစ်ပါတယ်” လို့သူက ပြောပါတယ်။ 

ဒါ့အပြင် ယာဉ်လိုင်းအတွက် မြေပြင်လုံခြုံရေးကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ တာဝန်ယူမှုရှိ တယ်လို့ ဆိုထားပြီး လေကြောင်းတိုက်ခိုက်မှုတွေအတွက်တော့ ကာကွယ်နိုင်စွမ်းမရှိသေးဘူးလို့ သူက ပြောပါသေးတယ်။

ခရီးစဉ်လိုက်ပါမယ့်သူတွေအနေနဲ့ IEC ကို အနည်းဆုံး ၃ ရက်ကြိုတင်ကာ ခရီးသွားလိုတဲ့ အကြောင်းအရာ၊သွားမယ့်နေရာ၊လိုက်ပါမယ့်အရေအတွက်၊ ဦးဆောင်မယ့်သူနဲ့ တင်ဆောင် မယ့်ပစ္စည်း အချက်အလက်တွေပေးပို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

အရင်က အဲဒီလမ်းကြောင်းကို ပုဂ္ဂလိကယာဉ်လိုင်းတွေပြေးဆွဲတာတွေရှိပြီး ကားခအနေနဲ့ ၄ သိန်းလောက်ကနေ စတင်ပေးရတာဖြစ်ကာ IEC ယာဉ်လိုင်းမှာတော့ လူတစ်ဦးကို ၃ သိန်းက စတင်ပေးရမှာဖြစ်တာကြောင့် အနည်းငယ်ပိုသက်သာတဲ့ အခြေအနေရှိပါတယ်။

ယာဉ်လိုင်းကို ဒီးမော့ဆိုမြို့က မနက် ၆ နာရီစတင်ထွက်ခွာမှာဖြစ်ပြီး မယ်စဲ့ဒေသကိုတော့ ညနေ ၅ နာရီဝန်းကျင်မှာ ရောက်ရှိနိုင်တယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက ပြောထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.