မောင်တော၊ ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဗောဓိကုန်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်း ထုတ်ပြန်ပါတယ်။

ဗောဓိကုန်းစခန်းကို ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗောဓိကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့လက်နက်ကြီး အ မြောက်အမြား ပစ်ခတ်ခုခံခဲ့ပေမယ့် အချိန်တိုတိုအတွင်း အထိအခိုက်အနည်းဆုံးနဲ့စခန်းသိမ်းနိုင်ခဲ့တဲ့ တိုက်ပွဲလည်း ဖြစ်တယ်လို့ AA က ဆိုပါတယ်။

အဲဒီနေ့မှာပဲ မောင်တောမြို့ ပန်းတောပြင်ရွာသစ်အနီးရှိ စစ်ကောင်စီရဲ့ ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား နာရီဝက်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တဆက်တည်း အဲဒီနေ့မှာပဲ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ တောင်ကြောမှာ စစ်ကောင်စီ ခမရ (၅၃၆) တပ်ရင်းနဲ့ ရက္ခိုင့်တပ်တော်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး ကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ရက္ခိုင့်တပ်တော်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း မြို့ ၆ မြို့အထိ သိမ်းပိုက်ရရှိထားပြီး ရခိုင်ပြည်နယ်အတွင်း ကျန်ရှိတဲ့ မြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.