တနင်္သာရီ၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် (၅၅၆) ခြေလျင်တပ်ရင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ ဇဝဲကျေးရွာအခြေစိုက် ခလရ-၅၅၆ တပ်ရင်းကို ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဒရုန်းနဲ့ ဗုံးသီး ၆ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာပါ။

ဒရုန်းနဲ့တိုက်ခိုက်ခံရကြောင့် တပ်ရင်းမှူးနေအိမ်နဲ့ အိမ်ထောင်သာလိုင်းခန်းတွေအပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေ စုံစမ်းနေဆဲဖြစ်နေတယ်လို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ ပြန်ကြားရေး တာ ဝန်ခံ ကိုဟိန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီတပ်ကနေ ညနေ ၂ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ အနီးပတ် ဝန်း ကျင်ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် လေးမိုင်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရ မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အမှတ် (၅၅၆) ခြေလျင်တပ်ရင်းဟာ တပ်ရင်းအရှေ့မှာ စစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး အရပ်သား ပြည်သူတွေဆီက ငွေကြေးကောက်ခံတာနဲ့ ဖမ်းဆီးတာတွေကို မကြာခဏ လုပ်ဆောင်နေတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာလည်း တနင်္သာရီမြို့နယ် ညောင်ပင်းကွင်းအခြေစိုက် ခမရ-၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး အလုံး ၃၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဘက်မလိုက်ပြောက်ကျားအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.